နေပြည်တော် ဇူလိုင် ၂၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ပုဗ္ဗသီရိ မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ ဆရာမများက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) သို့ရောက်ရှိပြီး ချောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စု မဲအင်းကျေးရွာ ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ အထူးဇုန် မိုးမြေပဲစိုက်ခင်းသို့ရောက်ရှိပြီး တောင်သူများနှင့် တွေ့ဆုံကာ သွင်းအားစု ဓာတ်မြေဩဇာများကို ပေးအပ်သည်။
ဆက်လက်၍ တက်ရာက်လာကြသည့် တောင်သူများက လိုအပ်ချက်များကိုတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံအထူးဇုန် မိုးမြေပဲစိုက်ခင်းများကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက် နယ်မြေ (၂) ရှိ ရွှေအိုးစည်ဆီစက်သို့ရောက်ရှိပြီး ဆီစက်လုပ်ငန်းလည်ပတ်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက် အတွင်းရှိ မြို့နယ်ဩဝါဒါစရိယ၊ တပ်ကုန်းမြို့ ရွှေအင်းရိပ်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တနေမိန္ဒအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း၍ တိုက်အုပ် စာချနာယကဆရာတော်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီးလခံယူ ဆောက်တည်ကြကာ ဝါတွင်းကာလ ဝါဆို၊ ဝါကပ်ကြမည့် သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)


