ရန်ကုန် ၂ မတ်

(၅)ကြိမ်မြောက် မြန်မာနိုင်ငံ နှလုံးဆေးပညာရှင်များအဖွဲ့ ညီလာခံ (5th Myanmar Cardiac Society Conference) ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ Lotte Hotel ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ နှလုံးရောဂါဆရာဝန် လူငယ်များအတွက် ပြည်တွင်း ပြည်ပမှ ဝါရင့်နှလုံးဆရာဝန်ကြီးများထံမှ အတွေ့အကြုံများကို မျှဝေရရှိနိုင်မည့် အခွင့်အရေးကောင်းကို အတတ်နိုင်ဆုံး ရရှိအောင် ကြိုးစားရယူကြစေလိုပါကြောင်း၊ ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများသည် ကျယ်ပြန့်သော နှလုံးရောဂါ ဆေးပညာကို လွှမ်းခြုံနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ကုသရေးဆိုင်ရာ နှလုံးရောဂါဆေးပညာသည် အဖက်ဖက်မှ အလွန်လျင်မြန်စွာ တိုးတက်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။

အထူးအရေးကြီးသည့်အချက်မှာ ပြည်သူ့ကျန်းမာရေးရှုထောင့်မှ သုံးသပ်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုးဖြစ်ပွားခြင်းကို လျှော့ချရေးအတွက် ပြည်သူ့ကျန်းမာရေးအပိုင်းသည် ကုသရေးပိုင်းကို နည်းဗျူဟာကျကျ အထောက်အကူပြုရမည် ဖြစ်ပါကြောင်း၊ ကုသရေးဘက်နှင့် ပြည်သူ့ကျန်းမာရေး နှစ်ဘက်ဆွေးနွေးထားသော သဘောတူမူဘောင်ရှိ လုပ်ငန်းရပ်များကို တစ်ဆင့်ပြီးတစ်ဆင့် ကုသရေးဘက်နှင့် ပြည်သူ့ကျန်းမာရေး ပညာရှင်များ တက်တက်ကြွကြွ၊ ရင်းနှီးနီကပ်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုလျှော့ချရေး အောင်မြင်မည် ဖြစ်ပါကြောင်း။

ဤညီလာခံ၏ ရည်ရွယ်ချက်ခေါင်းစဉ်မှာ “ပြီးပြည့်စုံသော နှလုံးကျန်းမာရေးဆီသို့ ချီတက်စို့” (Marching Towards Comprehensive Heart Health) ဖြစ်ပြီး အလွန်အနှစ် သာရရှိ ကောင်းမွန်သည်ကို တွေ့ရှိရပါကြောင်း၊ ဤရည်ရွယ်ချက်ကို ညီလာခံပြီးသည့် အခါတွင် အလွယ်တကူ ပျောက်ပျက်မသွားစေဘဲ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

“မြန်မာနိုင်ငံတွင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများသည် ဖြစ်ပွားမှု အများဆုံး၊ ဆေးရုံတက်ရောက်ရမှု အများဆုံး၊ သေဆုံးရခြင်းအကြောင်းအရင်း အများဆုံးဖြစ်သည်” ဆိုသော အချက်ကို ပျောက်ပျက်သွားစေရေးအတွက် မိမိတို့အားလုံး စုပေါင်းကြိုးစား ဆောင်ရွက်ကြပါစို့ဟု ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအေးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ နှလုံးဆေးပညာရှင်များအဖွဲ့ ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော်က နှုတ်ခွန်းဆက်စကားပြောကာ ညီလာခံ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာနွယ်နွယ်က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအေးအောင်နှင့် ပါမောက္ခဒေါက်တာဦးအောင်တို့က ညီလာခံ အထိမ်းအမှတ် ပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညီလာခံတွင် ခင်းကျင်းပြသထားသည့် နှလုံးဆေးပညာ စာတမ်းများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါညီလာခံကို ၂၀၁၉ ခုနှစ် မတ် ၂ ရက်မှ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ အီတလီ၊ ယူကေ၊ ကိုရီးယား၊ သြစတြေးလျ၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်ဝမ်နှင့် အိမ်ရှင်မြန်မာတို့မှ ဟောပြောဆွေးနွေးသူ (၂၈)ဦးတို့က ဟောပြောဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

 

mdn