ပွင့်ဖြူ ဇူလိုင် ၂၈
အထက်ပိုင်းဒေသများ၌ မိုးရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံတွင် ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် သုည ဒသမ ၁ ပေ ရေပိုလွှဲမှ စတင်ရေကျော်ကျလာသဖြင့် အစိမ်းရောင်အလံများ စိုက်ထူ၍ အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ထားရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ (ရေကင်းတာဝန်ခံ) ဦးစီးအရာရှိ ဦးထွန်းလွင် ထံမှ သိရသည်။
ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ၂ ဒသမ ၆ ပေခန့် ဆက်လက် ရေကျော်လျက်ရှိသော်လည်း တမံအောက်ဘက်ရှိ ကျေးရွာနေ ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်းနှင့် တမံနှင့် ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေး စီမံချက်အရ အရေးပေါ်အခြေအနေ သတ်မှတ်၍ တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေအား ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် အစိမ်းရောင်အလံ စိုက်ထူ၍ အသိပေးနှိုးဆော်ထားရှိခြင်းဖြစ်ကြောင်းနှင့် ဝန်ထမ်းများက ရေကင်းတာဝန်များကို ၂၄ နာရီ စောင့်ကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ရေပိုလွှဲမှ ရေကျော်ကျမှုနှင့် ပတ်သက်၍ ရေပိုလွှဲမှ ရေစတင်ကျော်မှုကို အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင် အလံ သတ်မှတ်ထားရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျမှု ဆက်လက်မြင့်တက်လာပြီး မူလဒီဇိုင်းပြု သတ်မှတ်ထားသည့် Maximum High Flood Level သို့ ရောက်ရှိကာ တမံအောက်ဘက်ဒေသများ ရေကြီးမှုဖြစ်ပေါ်နိုင်ခြင်းကို အရေးပေါ် အခြေအနေအဆင့်(၂)အဖြစ် အဝါရောင်အလံ သတ်မှတ်ထားရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်စီးထွက်နေမှုမှာ Maximum High Flood Level ထက် ကျော်လွန်ပြီး ရေပိုလွှဲအဆောက်အအုံ ကျိုးပေါက်ပျက်စီးစေနိုင်သည့် အခြေအနေဖြစ်ပေါ်နိုင် ခြင်းကို အရေးပေါ်အခြေအနေအဆင့်(၃)အဖြစ် အနီရောင်အလံ သတ်မှတ်ထားရှိကြောင်းနှင့် ပြည်သူများ သဘာဝဘေး အန္တရာယ်ကင်းဝေးစေရေးအတွက် တမံအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေ ရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ပွင့်ဖြူမြေ)


