နေပြည်တော်၊ ဇူလိုင် ၂၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ရှိ ၆၆/၁၁ ကေဗွီ, (၂၀) အမ်ဗွီအေ ညောင်ပင်ဈေးဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဆွိယာဒ်အတွင်း ဓာတ်အားလွှတ်ပစ္စည်းများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ယခုအချိန်တွင် ဧရာဝတီမြစ်ရေသည် နေ့စဉ်အချိန်နှင့်အမျှ မြင့်တက်လာနေသဖြင့် လျှပ်စစ်အန္တရာယ်ကင်းစေရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ ဓာတ်အားခွဲရုံရှိ ဓာတ်အားလွှတ်ပစ္စည်းများကို ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ဆွိယာဒ်အတွင်းရှိ ဓာတ်အားလွှတ်ပစ္စည်းများသို့ တိရိစ္ဆာန်များ မတက်ရောက်နိုင်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန်နှင့် လိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတခရိုင်အတွင်းရှိ ဒေါင့်ကြီးကျေးရွာသို့ ရောက်ရှိရာ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းစေရန် ယာယီဓာတ်အားဖြတ်တောက် ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အလေးထားဆောင်ရွက်ကြရန်၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အသိ၊ သတိဖြင့် အသုံးပြုစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးကြရန်၊ မြစ်ရေ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပါက ဓာတ်အားလိုင်းများ၊ မီတာများနှင့် အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းထားရှိမှုကို စနစ်တကျစိစစ်ပြီးမှသာ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးရန်နှင့် လိုအပ်သည်များမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုသိမ်ခရိုင် အသုတ်မြို့ရှိ ၂၃၀/၆၆ ကေဗွီ ၊ ၁၀၀ အမ်ဗွီအေ အသုတ်ပင်မဓာတ်အားခွဲရုံသို့ သွားရောက်ကာ ဆွိယာဒ်အတွင်း ၆၆ ကေဗွီ Switch Bay အသစ် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီး ဓာတ်အားချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


