နေပြည်တော်၊ ဇူလိုင် ၂၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့ မွန်းလွဲပိုင်းတွင် အစိုးရ စက်မှုလက်မှုသိပ္ပံ (အင်းစိန်) သို့ ရောက်ရှိပြီး EV Workshop ၌ EV သင်တန်းများအတွက် အဆင့်မြင့်သင်ထောက်ကူများ ဖြည့်ဆည်းထားရှိမှုနှင့် အခြား Workshop များ၌ လက်တွေ့သုံးစက်ပစ္စည်းများ ဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ EV နည်းပညာ ကျယ်ပြန့်စွာ ပြန့်ပွားရေး မြှင့်တင်ဆောင်ရွက်ရန်၊ စက်မှုဇုန်များနှင့် MSME များ ဖွံ့ဖြိုးရေး အထောက်အကူပြုမည့် နည်းပညာရှင် လူငယ်များကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ အကျိုးပြုမည့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန် မှာကြား၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ဘော်လုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။
ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်းတို့မှ ကျောင်းသားများပါဝင်သော ညွန့်ပေါင်း (က) အသင်းနှင့် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) တို့မှ ကျောင်းသားများ ပါဝင်သော ညွန့်ပေါင်း (ခ) အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး ညွန့်ပေါင်း (ခ) အသင်းက အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဒုတိယဝန်ကြီးက ဆုတံဆိပ်များနှင့် ဆုဖလားတို့ကို ဂုဏ်ပြုချီးမြှင့်ပြီး ဆုရရှိသည့် ကျောင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ကျောင်းသားများ၏ လိုအပ်ချက် တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ ပြည်သူများကို အမှန်တကယ် အလုပ်အကျွေးပြုနိုင်သည့် ဗလငါးတန်နှင့် ပြည့်စုံသော လူချွန်လူကောင်းများ ဖြစ်စေရေး ဆောင်ရွက်ကြရန်နှင့် ကျောင်းသား အားကစားသမားမှသည် နိုင်ငံ့ဂုဏ်ဆောင် အားကစားများ ဖြစ်လာသည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


