နိုင်ရိုဘီ ဇူလိုင် ၂၈
ကင်ညာနိုင်ငံ ကမ်းရိုးတန်းဒေသရှိ သမိုင်းဝင်ဂီဒီမြို့ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ကင်ညာအမျိုးသားပြတိုက် (NMK)က ဇူလိုင် ၂၇ ရက်တွင် ပြောသည်။
ကင်ညာအမျိုးသားပြတိုက်၏ အဆိုအရ ယင်းသို့အသိအမှတ်ပြုမှုသည် ကင်ညာနိုင်ငံ၏ ကြွယ်ဝသော အမွေအနှစ်များနှင့် အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဂီဒီမြို့၏ သမိုင်းဝင်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုကို အလေးထားခြင်း ဖြစ်ကြောင်း သိရသည်။
ကင်ညာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြသည့် ဤကမ္ပည်းမှတ်တမ်းကြောင့် မိမိတို့အနေဖြင့် အလွန်ဂုဏ်ယူမိပါကြောင်း ကင်ညာအမျိုးသားပြတိုက်၏ ညွှန်ကြားရေးမှူးချုပ် မာရီဂစ်ကွန်ဂူက ကင်ညာနိုင်ငံ နိုင်ရိုဘီ မြို့တော်တွင် ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။
ဂီဒီမြို့အား ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခြင်းသည် ၎င်း၏အဆင့်အတန်းကို ကမ္ဘာ့ဇာတ်ခုံတွင် မြှင့်တင်ပေးရုံသာမက အနာဂတ်မျိုးဆက်များအတွက် ကင်ညာနိုင်ငံ၏ ရှေးဟောင်းအရင်းအမြစ်များကို ကာကွယ်စောင့်ရှောက်ရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခြင်းလည်း ဖြစ်ကြောင်း ဂစ်ကွန်ဂူက ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘာလှည့်ခရီးသည်များနှင့် မနုဿဗေဒပညာရှင် အမြောက်အမြားကို နှစ်စဉ်ဆွဲဆောင်နိုင်သော ရှေးဟောင်း သုတေသနနေရာတစ်ခုဖြစ်သည့် ဂီဒီမြို့သည် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိပြီး ၁၃ ရာစုမှ ၁၇ ရာစုအတွင်း ထွန်းကားခဲ့ သော ဆွာဟီလီယဉ်ကျေးမှုကို ပြသထားကြောင်း သိရသည်။
ဂီဒီမြို့အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းသည် သမိုင်းဝင်နေရာ ထိန်းသိမ်းရေး ကြိုးပမ်းအားထုတ်မှုများကို ပြန်လည်အသက်ဝင်လာစေမည်ဖြစ်ပြီး ရေရှည်တည်တံ့သော ခရီးသွားလာရေး၊ သုတေသနနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အခွင့်အလမ်းသစ်များ ပွင့်လာမည်ဟု မျှော်လင့်ကြောင်း ကင်ညာအမျိုးသား ပြတိုက်က ပြောကြားခဲ့သည်။
အလားတူ ပိုမိုကောင်းမွန်သော အခြေခံအဆောက်အအုံများ၊ ပညာရေးဆိုင်ရာအစီအစဉ်များနှင့် ရပ်ရွာလူထု ထိတွေ့ဆက်ဆံမှု အစပျိုးမှုများမှတစ်ဆင့် ယင်းနေရာသို့ လာရောက်လည်ပတ်သူများ၏ အတွေ့အကြုံကို မြှင့်တင်ရန် စုပေါင်းကြိုးပမ်းမှုများလည်း ရှိမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်