လင်းလက်နေခြည်
ရောက်ခဲ့ပါသည် အမိတက္ကသိုလ်ရင်ခွင်ဆီ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာအနီး မန္တလေးမြို့မှ ၂၄ မိုင် ၅ ဖာလုံခန့်အကွာတွင် တည်ရှိသည့် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)သို့ အဆင့်မြင့် အရာထမ်းသင်တန်းတက်ရောက်ရန် ရောက်ရှိခဲ့သည်။ တာဝန်အရရောက်ရှိရပေမယ့် တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်မိလိုက်သည့်အချိန် တူညီဝတ်စုံများဖြင့် သက်ဆိုင်ရာသင်တန်းခန်းမများဆီ ညီညီညာညာ လျှောက်လှမ်း၍နေကြသည့် သင်တန်းသားများ၏ အားမာန်အပြည့် အသွင်အပြင်များကို မြင်လိုက်ရသည့်ခဏ စိတ်ဓာတ်တက်ကြွမှုများကို ခံစားလိုက်ရသည်။ အမှတ်မထင် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်”ဆိုသည့် ဆောင်ပုဒ်ကို ဖတ်လိုက်မိသည့်အချိန်တွင်မူ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)သို့ ရောက်ရှိနေခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ သယ်ပိုးထမ်းဆောင်နိုင်ရေး ရောက်ရှိနေရခြင်းဟု ယုံကြည်လိုက်မိသည့်အခါ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်ရင်ခွင် ခိုဝင်ခွင့်ရသည်ကိုပင် ဂုဏ်ယူလိုက်မိသည်။
ဝန်ထမ်းနှင့်သင်တန်း
နိုင်ငံ့ဝန်ထမ်းဘဝသည် အချိန်နှင့် လုပ်အားတို့ကို နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ရာနှုန်းပြည့် စိုက်ထုတ် လုပ်ဆောင်ရသည်။ မိမိ၏ စွမ်းဆောင်ရည်၊ အရည်အချင်း၊ အရည်အသွေးနှင့် လုပ်ဆောင်နိုင်မှုတို့ အစဉ်တိုးတက်နေစေရေး အတွက်လည်း တတ်သိအပ်သည့် ပညာရပ်များကို အဘက်ဘက်က ဖြည့်တင်း ထားကြရသည်။ ကိုယ်တိုင်အရည်အချင်း ပြည့်ဝသူဖြစ်မှသာ ပြည်သူလူထု၏အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုး ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နေ့စဉ် သစ္စာဓိဋ္ဌာန် ၆ ချက်ကို ဦးထိပ်ပန်ဆင်လျက် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအသင့် ဖြစ်နေရန်အတွက် လိုအပ်သော ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေရသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် “ထမ်းဆောင်ရမည့် တာဝန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်း”တို့နှင့်အညီ မှန်ကန်တည့်မတ်စွာ ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးရသည်။ ရာထူး အဆင့်အလိုက် လိုအပ်သည့်ကျွမ်းကျင်မှုအရည်အသွေး ပြည့်ဝစေရေးနှင့် နိုင်ငံတော်၏မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို သိရှိနားလည်နိုင်စေရေးအတွက် နိုင်ငံ့ဝန်ထမ်းများအား စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများကို လေ့ကျင့်သင်ကြားပေးရသည်။ စွယ်တော်ရွက်သည် နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်သကဲ့သို့ပင် ဝန်ထမ်းနှင့် သင်တန်းသည် ခွဲခြားထား၍မရပေ။ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည့်ကာလတွင် ဝန်ထမ်းများအနေ ဖြင့် ခေတ်ကို အမီလိုက်နိုင်မှသာ ပြည်သူလူထု၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ပေးနိုင်ကြမည်ဖြစ်သည်။
ရှေးယခင်ကတည်းကပင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်ကြမည့် “မင်းညီ၊ မင်းသား၊ အိမ်ရှေ့ မင်းသား”တို့သည် ယောက်ျားကောင်းတို့ တတ်သိအပ်သော အဋ္ဌာရသ (၁၈) ရပ်ကို သင်ကြား တတ်မြောက်နိုင်ရေးအတွက် တက္ကသိုလ်ပြည် ဒိသာပါမောက္ခများထံ သွားရောက်ကြရသည်။ ပြည်သူ ပြည်သားတို့၏ အကျိုးစီးပွားကို အစဉ် အလေးထားကာ ဆောင်ရွက်တတ်သူများဖြစ်စေရေး အတွက် ဒိသာပါမောက္ခများက လေ့ကျင့်သင်ကြား ပေးရသည်။ ကိုယ်တိုင်စီမံအုပ်ချုပ်ရသူများ၊ မူဝါဒ ချမှတ်ရသူများဖြစ်လာကြသည့်အခါ အရည်အချင်း ပြည့်ဝ၍ ဆုံးဖြတ်ချက်များကို မှန်ကန်တည့်မတ်စွာ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့်ပညာရပ်များကို ဆည်းပူးလေ့လာ ဖြည့်တင်းထားရန်က အရေးကြီးသည်။
မတူတာတွေချန်ထားဖို့
ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းများတွင် လက်အောက်ငယ်သားများကို စည်းရုံးဆွဲဆောင်၍ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် ဆောင်ရွက်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။ အတွေးအခေါ်၊ အမြင်၊ ခံစားချက်၊ ကျွမ်းကျင်မှုနှင့် အရည်အချင်းတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ကြပေ။ တစ်ဦး၏ အားသာချက်သည် ကျန်တစ်ဦး၏ အားနည်းချက်ဖြစ်နိုင်သကဲ့သို့ “အသားအရောင်၊ လူမျိုး၊ ကိုးကွယ်သည့် ဘာသာ၊ အလုပ်အကိုင်” စသည်တို့က မတူကွဲပြားနေကြမည်မှာ လောကဓမ္မတာပင်ဖြစ်သည်။ ထိုသဘာဝ တရားများကို လက်ခံနိုင်စွမ်းရှိရမည်မှာ မိမိတို့၏တာဝန်ပင်ဖြစ်သည်။ လှပသောဥယျာဉ် တိုင်းတွင် ပန်းတို့သည် ရောင်စုံပွင့်ဖူးကြသကဲ့သို့ပင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် မြန်မာ့မြေသာယာလှပစေရေး အတွက် တိုင်းရင်း သားအချင်းချင်း မတူကွဲပြားမှုများကို ဖယ်ရှား၍ ဘုံတူညီချက်များကို ရှာဖွေကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဆောင်ရွက်သွားကြရန်သာဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများသည် အစိုးရနှင့်ပြည်သူများ အကြားက ပေါင်းကူးတံတားများဖြစ်ကြပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို အစိုးရ၏မူဝါဒများနှင့်အညီ ဖြည့်ဆည်းပေးကြရသူများ ဖြစ်ကြသဖြင့် အစိုးရနှင့် ပြည်သူအကြား စေ့စပ်ညှိနှိုင်းပေးကြသူများသာဖြစ်သည်။ အဆင့်မြင့်အရာထမ်းများ၏ တာဝန်သည်လည်း ဝန်ထမ်းများ၏ လိုအပ်ချက်များကိုသိရှိအောင် ကြိုးစားဆောင်ရွက်ရပြီး ဖြည့်ဆည်းပေးနိုင်မည့် အထက်အဆင့်သို့ တင်ပြဆောင်ရွက်ရန်ဖြစ်သည်။ နောင်တစ်ချိန်တွင် မူဝါဒ ချမှတ်သူများဖြစ်လာကြမည့် အဆင့်မြင့်အရာရှိများသည် စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းဆိုသည့် ခေါင်းဆောင်ကောင်းတို့တတ်သိအပ်သည့် အရည် အချင်းတစ်ရပ်ကို လေ့လာဆည်းပူးထားအပ်သည်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်သင်ကြားပို့ချနေသည့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ်(၁၈)၌ စေ့စပ်ညှိနှိုင်းဆွေးနွေး ခြင်း ဘာသာရပ်ကို လေ့လာခွင့်ရခဲ့သည်။
လူတစ်ဦးနှင့်တစ်ဦးသည် အတွေးအခေါ်၊ သဘောထားအမြင်နှင့် ခံယူချက်များက ကွဲပြားခြားနားကြသည်။ ထိုကဲ့သို့သော မတူကွဲပြားမှုများရှိကြသည့် လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ဌာန အဖွဲ့အစည်းများကို ဦးဆောင်ဦးရွက် ပြုကြရသည့် အဆင့်မြင့်အရာရှိများအနေဖြင့် မတူကွဲပြားမှုများကို စနစ်တကျ စုစည်းအသုံးချ တတ်ရန်လိုအပ်သည်။ လူတစ်ဦးနှင့်တစ်ဦးသည် ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှု မတူညီကြပေ။ “လောကတွင် သုံး၍မရသော အရာမရှိပေ။ အသုံးမချတတ်၍သာ ဖြစ်သည်” ဆိုသည့်စကားကို လက်ကိုင်ထားကာ သူ့နေရာနှင့်သူ စနစ်တကျ လှပသေသပ်စွာတာဝန်ပေး အသုံးချတတ်ရန် လိုအပ်သည်။
အသိပညာစုဆောင်းရာ
အဆင့်မြင့်အရာရှိများသည် လိုအပ်သည့်အခါ နိုင်ငံရပ်ခြားသို့ သွားရောက်၍ သံတမန်နည်းလမ်းအရ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်ရတတ်သည်။ နိုင်ငံကိုယ်စားပြု စေ့စပ်ညှိနှိုင်း ဆွေးနွေးမှု ပြုရာတွင် မိမိ နိုင်ငံ၊ မိမိလူမျိုး အကျိုးစီးပွားကို ဦးတည်ရမည်ဟုဆိုသော်လည်း တစ်ဖက်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက် စေမည့် ညှိနှိုင်းဆွေးနွေးမှုများ မဖြစ်စေရန်ကြိုးစားရမည်။ မိမိနှင့်ညှိနှိုင်း ဆွေးနွေးရမည့် နိုင်ငံ၏ ပကတိအခြေအနေတို့ကို သိထားရန်ကလည်းအရေးကြီးသည်။ ထိုကဲ့သို့ ဖြစ်နိုင်စေရေး အသိပညာ ဗဟုသုတများ ပြည့်ဝနေရန်အတွက် စာပေဗဟုသုတများကို စဉ်ဆက် မပြတ် လေ့လာလိုက်စားတတ်ရန် လိုအပ်သည်။
စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း လုပ်ငန်းစဉ်တွင် အပြောအဆိုချိုသာယဉ်ကျေးခြင်း၊ တစ်ဖက်သားကို လေးစားခြင်းနှင့် တစ်ဖက်လူ၏ ခံစားချက်ကို နားလည်လက်ခံနိုင်သည့် စွမ်းရည်တို့လည်းရှိရန် လိုအပ်သည်။ လက်အောက်ငယ်သားများကို စည်းရုံးဆွဲဆောင်၍ အဖွဲ့အစည်း၏ လိုရာပန်းတိုင် သို့ ရောက်ရှိစေရေး ဆောင်ရွက်ပေးရသည့် အဆင့်မြင့် အရာရှိများအနေဖြင့် လက်အောက်ငယ်သားများ အပေါ် မေတ္တာထားသော အပြုအမူ အပြောအဆို များဖြင့် စည်းရုံးဆွေးနွေးနိုင်ရေးက အလွန်အရေး ကြီးသည်။ အာဏာကိုအသုံးပြုကာ ခိုင်းစေတတ် သည့် မကောင်းသည့် အမူအကျင့်များ ပယ်ရှား၍ လက်အောက်ငယ်သားများ၏ လိုအပ်ချက်နှင့် ဌာန၏ ဦးတည်ချက်တို့အကြား ချိုမြိန်သော နှုတ်ထွက်စကားများဖြင့် စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း အမှုကိုပြုကာ ဦးဆောင်နိုင်မည်ဆိုပါက အလိုရှိရာ ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ပညာရည်ပြည့်ဝစေရေး
ပညာရည်ပြည့်ဝသကဲ့သို့ နှလုံးရည်ပြည့်ဝသူအဖြစ် ရပ်တည်နိုင်ရေးအတွက် ပညာရပ်ပိုင်း ဆိုင်ရာများကို စဉ်ဆက်မပြတ် လေ့လာလိုက်စားကြ ရမည်ဖြစ်သည်။
မြန်မာရာဇဝင်တွင် ဦးကျည်ပွေ့ (ခေါ်) ရှင်ဒိသာ ပါမောက္ခသည် သက်တော် ၆၀ ကျော်မှ စာပေ ကျမ်းဂန်များကို လေ့လာလိုက်စားခဲ့သည်။ စာပေ ကျမ်းဂန်များကို တစ်ဖက်ကမ်းခပ် တတ်မြောက် သွားသဖြင့် ပုဂံရာဇဝင်တွင် မြန်မာ့ပထမဦးဆုံးသော သံတမန်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ ပုဂံရာဇဝင်၊ နရသီဟပတေ့မင်းလက်ထက်တွင် တရုတ်တို့က ပုဂံပြည်ကြီးအား ရန်စကျူးကျော်မည့်အရေးကို တရုတ်ပြည်သို့သွားရောက်၍ တရုတ်ဘုရင် ဧကရာဇ် နှင့်တွေ့ဆုံကာ သံတမန်နည်းလမ်းအရ စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်း ပြုလုပ်ခဲ့သည်။
ပညာဉာဏ်ပြည့်ဝသူဖြစ်သဖြင့် တစ်ဖက်သား၏ အလိုက်အထိုက်ကိုသိကာ မိမိတို့၏တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုရန် တိုက်ရိုက်ပြောဆိုခြင်းမပြုဘဲ “ဆန်စပါးသည် တိုင်းပြည်၏ အခြေ အမြစ်ဖြစ်သည်၊ စပါးမရှိက သူရဲသူခက်များ သံဃာတော်များသည် တည်တံ့စွာနေနိုင်မည်မဟုတ်ပါ၊ ဥယျာဉ်ဆိုသည်မှာ ရေသွန်းလောင်း၍ စိုက်ပျိုး ရခြင်းဖြစ်သည်၊ အညွန့်အတက်မကြီးပွားမီ ဆိတ်ခူးခြင်းမပြုရပါ၊ ယခုလည်း ပုဂံပြည်၌ ကောက်ပဲ သီးနှံ စိုက်ပျိုးဦးမည်၊ ပြီးမှ သာသနာပြုစေလိုသည်” ဟု စည်းရုံးဆွဲဆောင်ကာ စေ့စပ်ညှိနှိုင်းဆွေးနွေးနိုင် ခဲ့သဖြင့် ပုဂံပြည်ကြီး ပျက်စီးမည့်အရေးကို စေ့စပ် ညှိနှိုင်းဆွေးနွေးခြင်း နည်းလမ်းဖြင့် ကာကွယ်နိုင် ခဲ့သည်။ အဆင့်မြင့်အရာရှိများအနေဖြင့်လည်း နိုင်ငံတော်နှင့်ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သည့်အခါ စေ့စပ်ညှိနှိုင်းဆွေးနွေးသူများအဖြစ် ရပ်တည် ကြရမည်ဖြစ်ရာ ပညာဉာဏ်ပြည့်ဝ၍ နှလုံးရည်လှကြသူဖြစ်စေရေး သက်ဆိုင်ရာပညာရပ်များကို အပတ်တကုတ်လေ့လာလိုက်စားကြရန် တိုက်တွန်း လိုသည်။
ထင်းစည်းကဲ့သို့ စည်းလုံးစို့
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံသည် ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင် လာကြသည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တိုင်းရင်းသားလူမျိုးအချင်းချင်းကြား မတူကွဲပြားမှုများကို ဖယ်ချန်ထားပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ကြိုးစား ဆောင်ရွက်နိုင်ခဲ့၍သာဖြစ်သည်။ ကိုယ်ကျိုးစီးပွား အလေးထားသည့်စိတ်များကိုဖယ်ရှား၍ မတူကွဲပြားမှုများကို စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်းဆိုသည့်နည်းလမ်း ဖြင့် ပြည်ထောင်စုမပြိုကွဲရေးကို ဆောင်ရွက်နိုင်ခဲ့သည်။ ထိုကဲ့သို့သော စည်းလုံးညီညွတ်မှုများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းကြရမည်မှာ မိမိတို့ အဆင့်မြင့် အရာရှိများတွင်လည်း တာဝန်ရှိသည်။
တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်နေသည့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင်သာမက အာရှဒေသ တစ်ခုလုံးအတွက်ပါ အချက်အချာကျသည့် နေရာတွင်တည်ရှိနေပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးနိုင်မည့် စွမ်းအားများကလည်း အဆင်သင့်ရှိနေသည်။ ထိုအခြေအနေကို မနာလိုဝန်တို ဖြစ်နေ ကြသည့် နိုင်ငံအချို့က တိုင်းရင်းသားအချင်းချင်းကြား စည်းလုံးညီညွတ်မှု ပျက်စီးအောင် အမျိုးမျိုးကြံဆောင်နေကြသည်။ တိုင်းရင်းသားအချင်းချင်းကြား ရှိရင်းစွဲဖြစ်သော စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် ရှေ့ဆက်သွားကြရန်သာ ဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါပြီး ထိုလုပ်ငန်းစဉ်ကို စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာ အကောင်အထည်ဖော်ရသည်။ ငြိမ်းချမ်းရေးလမ်းပေါ်တွင် အတူ လျှောက်လှမ်းနိုင်ရေးအတွက် အဘက်ဘက်က စေ့စပ်ညှိနှိုင်းဆွေးနွေးရသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း သဘောထား လုပ်ဆောင်နိုင်ရေး” ကို ချမှတ်ထားပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်လည်း “NCA ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားရန်” ချမှတ်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းနည်းလမ်းဖြင့် “အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ”ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်း လုပ်ငန်းစဉ်ကို စနစ်တကျအသုံးပြု၍ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နိုင်ရေးအတွက် “အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီ” တို့ကိုဖွဲ့စည်း၍ စနစ်တကျ ဆောင်ရွက်နေသည်။
ကိုယ်နဲ့မတူ ရန်သူမဟုတ်
အကြောင်းအမျိုးမျိုးကြောင့် ရပ်တည်မှုကွဲပြားကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစွမ်းအား လျော့နည်းသွားစေမည့်လုပ်ရပ်များကို လုပ်မိမည်ဆိုပါက မိမိနေအိမ်ကို မိမိကိုယ်တိုင် ဖျက်ဆီးနေခြင်း သာဖြစ်သည်။ မိသားစုထမင်းဝိုင်းပြင်ဆင်ရသည့်အခါတွင် မိသားစုအတွင်း သူ့အကြိုက် ကိုယ့်အကြိုက်ကို စေ့စပ်ညှိနှိုင်းဆွေးနွေးကာ အများကြိုက်သည့် ဟင်းလျာများဖြင့် တည်ခင်းလိုက်မည်ဆိုပါက ပျော်ရွှင်သော မိသားစုဘဝကို ရရှိနိုင်မည်ဖြစ်သည်။ မည်သည့်လုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်ရသည် ဖြစ်စေ မိမိကျင်လည်ရာ အဖွဲ့အစည်းအတွင်းရှိ လူပုဂ္ဂိုလ်အချင်းချင်း စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းလုပ်ငန်းစဉ်ဖြင့် ဘုံရည်မှန်းချက်များကို ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။
သေချာစွာလေ့လာပါ
“ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” ဆိုသည့် တို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်၍ ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်အလေးထားဆောင်ရွက်နေရသည့် အဆင့်မြင့်အရာရှိများအနေဖြင့် ဝန်ကြီးဌာန ပေါင်းစုံမှ အရာရှိကြီးများ စုစည်းပေါင်းစုံနေသည့် “အဆင့်မြင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၈)” တွင် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများနှင့် စပ်လျဉ်းသည့် ပညာဗဟုသုတများကိုရလိုက်မည်မှာ မလွဲဧကန်အမှန်ပင်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ရာထူးအဆင့်အလိုက် လေ့ကျင့်သင်ကြားပေးနေသည့် သင်တန်းများ၌ သင်ကြား ပို့ချပေးသည့် ဘာသာရပ်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အမှန်တကယ်လိုအပ်သည့် ပညာရပ်များသာဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရင်ခွင် ခေတ္တခိုဝင်ခွင့်ရကြသည့်အချိန်တွင် အားခွန် အပြည့်ဖြင့် လေ့လာကြရန်က မိမိတို့၏တာဝန်သာဖြစ်သည်။ အဆင့်မြင့်အရာရှိများ အနေဖြင့်လည်း တက္ကသိုလ်က သင်ကြားပို့ချပေးလိုက်သည့် ပညာရပ်များကို လက်တွေ့တွင် ကောင်းမွန်စွာအသုံးချ၍ ဝန်ကြီးဌာနအချင်းချင်းကြား စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း စွမ်းအားဖြင့် နိုင်ငံတော်၏ မူဝါဒနှင့်လုပ်ငန်း စဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အဆင့်မြင့်အရာရှိကောင်းများ ဖြစ်လာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ တင်ပြလိုက်ရပါသည်။
ကိုးကား
နေ့စဉ်ထုတ်သတင်းစာများ။