နွမ်ဂျာသိုင်း

 

၂၄-၇-၂၀၂၄ ရက်မှအဆက်

 

 “မန္တလေးဆောင်ဘက် လျှောက်ရအောင်

 

“လုပ်လေ၊ မင်းသဘောပဲ။  ကိုယ့်ရောဂါ ကိုယ်အသိဆုံးပဲဟာ”

 

 “နေပါဦး၊ မင်း မဖြူကို ကြိုက်တယ်ဆိုတာ တကယ်ပဲလား”

 

 ကျွန်တော်က ခေါင်းထဲတွင်ပေါ်လာသော အကြံတစ်ခုကြောင့် သူ့ကိုမေးလိုက်၏။ အချင်းချင်းမို့ ပြောသည်မဟုတ်။ ပေါက်တတ်ကရ လျှောက်လုပ်နေ၍သာ ပေါတောတောပုံစံပေါက်နေသည်။ သည် မန္တလေးသားပုံစံက အတော်သားနားသား။

 

အသားဖြူဖြူသွယ်သွယ်နှင့် နဂိုရုပ်ကလည်းမဆိုး။ သည်ကြားထဲ ကော်ကိုင်းမျက်မှန်အနက်နှင့်ဆိုတော့ မိန်းမကြိုက်ပုံစံမျိုးပင်။ သည်ကောင်နှင့် မဖြူသာဆိုလျှင် ....။ အဟဲ . . . သူလည်းကောင်း၊ ကျွန်တော်လည်း ကောင်း ဆိုသလိုဖြစ်နိုင်၏။ ပြီးတော့ သည်နှစ်ယောက်က ရွှတ်နောက်နောက် နေပုံချင်းလည်းတူသည်။ သူတို့နှစ်ယောက်သာရလျှင် မွေးလာသည့်ကလေးသည် ဝမ်းကကျွတ်ကတည်းက အူနှိပ်နေရမည်။

 

“ဘာလဲ၊ မင်းက တကယ်လုပ်ပေးမလို့လား”

 

ကျွန်တော်က ရယ်၍ -

 

“ငါတောင် လုပ်ပေးစရာမလိုဘူး။ မင်းသာသေချာလိုက်၊ မင်းတို့နှစ်ယောက်က ပုံစံချင်းတူတယ်။ ငါတို့အရင်တောင် ကြည်ချင်ကြည်သွားမှာ”

 

ပေါ်ဦးက အားရပါးရ ရယ်၏။

 

“အဟေး ဟေး ... တယ်ဟုတ်တဲ့ ငါပါလားဟ”

 

သဘောကျစွာရယ်နေသော  သူ့ကိုကြည့်၍ ကျွန်တော် ပြုံးလိုက်သည်။ သို့သော် သူက ရယ်ရင်း နှင့် -

 

“မလုပ်ပါနဲ့ကွာ၊ ငါ့မှာလည်း ငါ့ကိစ္စနဲ့ငါ ရှိပါတယ်။ မြို့ထဲက ငါ့အဒေါ်အိမ် သွားသွားနေတာ အဲဒီကိစ္စကွ”

 

သူပြောမှ ညနေဘက်ဆို သူမြို့ထဲ ထွက်ထွက်သွားတတ်သည်ကို အမှတ်ရမိ၏။ သူက သူ့ကိစ္စနှင့်သူ ရှိပြီးသားဆိုသဖြင့် ဘာမှထပ်မပြောတော့ဘဲ ငြိမ်နေလိုက်၏။ ကိုယ့်ကိစ္စနှင့် ကိုယ် တိုင်ပင်စရာပြောရမည့် စကားကို စဉ်းစားသည်။ အတွေးထဲ ဦးစွာဝင်လာသည်မှာ ညနေတုန်းကနောက်ပိုင်းဖြစ်ရပ်များ။

• • •

 

“ကိုထွန်းဝေတို့ မိဘတွေက ဘာလုပ်လဲ”

 

မဖြူ၏ အမေးကို ကျွန်တော်က ဆေးလိပ်မီးခိုး များ မှုတ်ထုတ်လိုက်ပြီး -

 

“ကျွန်တော့်အဖေက မရှိတော့ပါဘူး”

 

“အို ...”

 

ခင်လေးနှုတ်မှ လွှတ်ခနဲ အသံထွက်လာ၏။

 

“အမေက ဈေးရောင်းတယ်။ ရွာက ဈေးထဲမှာ ကုန်ခြောက်ဆိုင်ဖွင့်ထားတယ်၊  စားနိုင်ရုံ သောက်နိုင်ရုံပါပဲဗျာ”

 

“ညီအစ်ကိုမောင်နှမတွေကရော”

 

သည်တစ်ခါ ဝင်မေးသူက ခင်လေး။

 

“ကျွန်တော့်မှာ ညီအစ်ကိုမောင်နှမ မရှိပါဘူး မခင်လေး။ ကျွန်တော်တစ်ယောက်ပဲ ရှိပါတယ်”

 

“ဒါဖြင့် ခင်လေးလိုပဲပေါ့”

 

မဖြူက ပြုံးစိစိဖြင့်ဝင်ပြော၏။ ခင်လေးမျက်စောင်း မဖြူဆီ ဒိုင်းခနဲရောက်သွားသည်။ မဖြူက ပြုံးစိစိနှင့် မသိသလို လုပ်နေလိုက်၏။

 

“တူတော့ မတူပါဘူးဗျာ။ မခင်လေးက တစ်ဦးတည်းသော သမီး၊ ကျွန်တော်က ဥတစ်လုံး တစ်ကောင်ကြွက်”

 

“ကဲပါ၊ ဒီစိတ်ညစ်စရာတွေ လျှောက်ပြောမနေ ပါနဲ့။ တခြားစကားပြောရအောင်”

 

ခင်လေးက စကားလမ်းလွှဲပေးသည်။

 

“ကိုထွန်းဝေတို့ အတ်စ်က စာကျက်ရမှာပဲနော်”

 

မဖြူက စာအကြောင်း ပေအကြောင်းဘက် ဦးတည်လှည့်လိုက်သည်။

 

“ခုထိတော့ မပြောတတ်သေးဘူး မဖြူ။ ဘာသာတွေကတော့ ကျွန်တော်လည်း ခုမှတွေ့ဖူးတာတွေပဲ”

 

“ကိုထွန်းဝေက ဆယ်တန်းတုန်းက ဝိဇ္ဇာ မဟုတ်ဘူးလား” ကျွန်တော်က ပြုံး၍ ခေါင်းခါရင်း -

 

“ကျွန်တော် ဆိုင်းယင့်စ်ကပါ”

 

“ဟုတ်လား၊ ‘တိုတယ် ဘယ်လောက်ရလို့လဲ”

 

သည်အမေးကို မဖြေလို။ သူမေးသည့် အဓိပ္ပာယ်ကို ကျွန်တော်သိသည်။ သိပ္ပံကျောင်းသား တစ်ယောက် မြန်မာစာ အဓိကရရခြင်းမှာ အမှတ်ပေါင်း သိပ်နည်းမည်အထင်နှင့်အမေး။၊ သို့သော် မဖြေသည်က ပိုကောင်းမည်ထင်သဖြင့် ဆယ်တန်းတွင်ရသော အမှတ်ပေါင်းအမေးကို ကျွန်တော် ခပ်ပေါ့ပေါ့ တမင်လုပ်၍ ဖြေလိုက်သည်။

 

“သုံးရာလေးဆယ့်တစ်မှတ်ပါ”

 

“ဟယ် . . . အများကြီးပါလား၊”ဒီ” ဘယ်နှလုံးလဲ”

 

“တစ်ခုတည်းပါ၊ မြန်မာစာဂုဏ်ထူးရပါတယ်”

 

“ဘာဖြစ်လို့ ဘားမိစ်ယူတာလဲ”

 

သူမေးသော အမေး၏အနက်ကို ကျွန်တော် ကောင်းစွာသဘောပေါက်လိုက်ပါသည်။ ကျွန်တော်တို့နှစ်က သည်အမှတ်နှင့်ဆိုလျှင် တက္ကသိုလ်အတော်မြင့်မြင့်လျှောက်နိုင်၏။ စီးပွားရေးတက္ကသိုလ်မှ သုံးရာနှစ်ဆယ့်ခြောက်မှတ်သာ ရှိသည်။ ဝိဇ္ဇာသိပ္ပံတွင် ကြိုက်ရာဘာသာ အဓိက ယူနိုင်သည်။

 

“ဝါသနာကြောင့်ပါ မခင်လေး”

 

“ခင်လေးသာဆိုရင်တော့ ဝါသနာတွေ ဘာတွေမစဉ်းစားမိပါဘူး။ အမြင့်ဆုံးရမယ့် မေဂျာရအောင် လျှောက်တာပဲ”

 

ကျွန်တော် ပြုံးလိုက်၏။

 

“ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ မခင်လေးရယ်၊ ကိုယ်စိတ်မပါတဲ့ဘာသာတွဲကြီး သွားယူမိရင် တစ်လျှောက်လုံး စိတ်ညစ်နေရမှာပေါ့”

 

“ကိုထွန်းဝေက မြန်မာစာကို ဘာလို့ ဝါသနာပါ တာလဲ”

 

မဖြူက ဝင်မေးသည်။ ကျွန်တော့်အဖြေကို ခင်လေးကလည်း နားစွင့်နေပုံရသည်။

 

“ကျွန်တော် စာဖတ်ဝါသနာပါတယ် မဖြူ။ ဝတ္ထုတို့၊ ကဗျာတို့၊ ယဉ်ကျေးမှုဆောင်းပါးတို့၊ ပြီးတော့ စာလေးဘာလေးလည်း ရေးချင်တယ်။ ဒီဝါသနာနဲ့ဆို မြန်မာစာယူတာ ကောင်းမယ်ထင်လို့”

 

“အင်းလေ . . . ဒါလည်း ဟုတ်တာပဲ”

 

ခင်လေးက စဉ်းစဉ်းစားစား မှတ်ချက်ချသည်။ မဖြူကမူ ရယ်ကျဲကျဲအမူအရာ ပြန်ပေါ်လာပြီး-

 

“ခုကော ဘာတွေရေးနေလဲ။ မဖြူတို့တော့ စာရေးဆရာနဲ့ လာခင်နေပြီထင်တယ်”

 

ကျွန်တော့်မျက်နှာမှ အပြုံးသည် ရှက်ရိပ်မှ လွတ်မည်မဟုတ်။

 

“ခုတော့ မရေးသေးပါဘူး မဖြူရာ၊ ကြိုးစားတုန်းပါ”

 

“ကြိုးစား ကြိုးစား၊ စာရေးဆရာကြီးဖြစ်အောင်။ မဖြူတို့လည်း ဇာတ်လမ်းလေးဘာလေး ကူရှာပေးပါ့ မယ်”

 

ခင်လေး၏ လက်ကလေးသည် မဖြူ၏ပေါင်ကို ဆိတ်ပြီးသားဖြစ်သွား၏။

 

“အလယ်လယ် . . . နာလိုက်တာ ခင်လေးရာ၊ ဒီက အကောင်းပြောတာပါ”

 

ကျွန်တော် ပြုံးနေလိုက်သည်။ မဖြူက ဆက်၍ -

 

“မဖြူလည်း စာဖတ်ဝါသနာပါတယ်။ ရေးတော့ မရေးချင်ဘူး၊ ဖတ်ပဲဖတ်ချင်တာ”

 

“မဖြူ၊ ဘာတွေများဖတ်လဲ”

 

“ကာတွန်းစာအုပ်တွေလေ”

 

ခင်လေးက ဝင်ရွှတ်၏။ ခင်လေးကို မျက်စောင်း ပြန်ထိုးပြီး-

 

“မဟုတ်တာ၊ မဖြူ၊ စုံထောက်ဝတ္ထုတို့၊ လျှို့ဝှက် သည်းဖိုတို့ ဘာတို့ပဲ ဖတ်တယ်။ အချစ်ဝတ္ထုတော့ တစ်ခါတလေ ဖတ်ပါတယ်။ ဆောင်းပါးတို့ ဘာတို့တော့ မဖတ်ချင်ဘူး”

 

“မခင်လေးကော စာဖတ်ဝါသနာမပါဘူးလား”

 

“ခုတော့ မပါသေးပါဘူး”

 

“အဲ . . . ဘာဖြစ်လို့”

 

“နာမည်ကြီး စာရေးဆရာက ခုမှ ကြိုးစားတုန်း ဆိုလို့”

 

“အဲ သေရောဗျာ”

 

ရယ်သံလေးများသည် ကျွန်တော်တို့ကို အရိပ်မိုး ပေးထားသော သစ်ရွက်လေးများကပင် အားကျလာအောင် လှိုင်နေ၏။

 

“မင်းပြန်ပြောပြတာတွေ နားထောင်ရတာ ငါတော့ခပ်ထိတ်ထိတ်ပဲ။ ခင်လေးထက် မဖြူကမင်းကို ပိုသဘောကျနေသလိုပဲ။ တော်ကြာကွာ ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသား ဖြစ်ပြီး မဖြူနဲ့ ငြိနေမှဖြင့်”

 

“ဟာကွာ . . . တောက်တီးတောက်တဲ့”

 

ပေါ်ဦး၏ ရယ်သံတစ်ဝက်နှင့် မှတ်ချက်အဆုံး ကျွန်တော်ခပ်သွက်သွက် ဝင်၍ပြောလိုက်သည်။ ပေါ်ဦးက ခေါင်းခါ၍ -

 

“မတောက်တီးမတောက်တဲ့နဲ့ ကိုယ့်လူ၊ တက္ကသိုလ်မှာ ဒီဇာတ်လမ်းမျိုးတွေ တစ်ပုံကြီး။ တော်ကြာ ထွန်းဝေက မဖြူနဲ့ငြိ၊ ပေါ်ဦးနဲ့ ခင်လေးက ဆွေးကျန် ဟီး . . . ဟီး”

 

“ဟေ့ကောင် . . . ပေါက်ကရ လျှောက်မပြောနဲ့၊ နိမိတ်မရှိ နမာမရှိ။ ခင်လေးက ငါ့ခင်လေးကွ၊ မကြာခင် သေချာပေါက်ကြည်တော့မယ်၊ စောင့်ကြည့်နေ”

 

“အေး...အေး ပြောပါကွာ၊ ကိုယ့်ဘက်ကလည်း ဖေးဖေးမမပြော။ မင်း သိပ်နာသွားဦးမယ်”

 

အဓိပတိလမ်းပေါ်မှ ရယ်သံနှင့်အတူ မန္တလေးဆောင်သည် ချို့တဲ့တဲ့ လရောင်အောက်တွင် ငြိမ်သက်စွာ ရှိနေသည်။

 

ခင်လေးရှိသော အချိန်မဟုတ်၍လားမသိ။ မန္တလေးဆောင်သည် နေ့ခင်းဘက်လောက်မလှ။ ကျွန်တော့် အထင်သည် မမှားချေ။

 

ခင်လေး ရှိသောကြောင့် မန္တလေးဆောင်သာမက လောကကြီးတစ်ခုလုံးသည် လှနေခြင်းဖြစ်ပါ၏။

• •

 

(၈)

ရောင်းရင်းတို့

သစ်ပုပ်ပင်ကြီးသည်

ရွက်သစ်လဲပြီ . . .။

နံ့သာမြကျွန်းက

နံ့သာရော်ရွက်အပေါင်း

ညောင်းညှာကြွေကျ

မြေမှာလူးပြီ . . .။

ထွေတလာကို

တဒင်္ဂ မေ့စေဦး။

တစ်ခဏ ဆိုသည်မှာ

ဘာမှ မကြာလှချေ။

သည်တော့

စာအုပ်ပြင်လော့။

ညလုံးပေါက်

မီးကိုထွန်းလော့ . . . ။

 

ဖူးစကပ် စာရွက်ဖြူပေါ်တွင် ကူးရေးနေသော အောင်ပြည့်၏ “ညလုံးပေါက်စေ” ကဗျာလေးကို တစ်ခေါက်ပြန်ဖတ်လိုက်သည်။  ထို့နောက် ကျောဘက်ကို ကော်သုတ်၍ စာကြည့်စားပွဲရှေ့နံရံတွင် ကပ်လိုက်၏။

 

(ဆက်လက်ဖော်ပြပါမည်)