နွယ်နီလင်း
အီသီယိုးပီးယားနိုင်ငံသည် အာဖရိက ဦးချိုဒေသတွင်တည်ရှိသော ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ ယင်းနိုင်ငံသည် အာဖရိကတွင် ဒုတိယလူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၈၅ ဒသမ ၂ သန်းခန့်ရှိသည်။ ယခုအခါ နိုင်ငံတောင်ပိုင်း ဂိုဖာခရိုင် ကန်ချိုရှာခါဂေါ့ဒီကျေးရွာ၌ ဇူလိုင်၂၁ ရက် ညပိုင်းနှင့် ၂၂ ရက် နံနက် ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သည့် မြေပြိုမှုများကြောင့် လူပေါင်းရာနှင့်ချီ သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။
သေဆုံးသူအရေအတွက် တိုးလာ
အီသီယိုးပီးယားနိုင်ငံ၌ ဇူလိုင် ၂၁ ရက် ညပိုင်းက အချိန်ကြာမြင့်သည့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပထမ အကြိမ်မြေပြိုမှု ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းအာဏာပိုင်များက ဆိုသည်။ ဒုတိယအကြိမ်ဖြစ်ပွားသည့် မြေပြိုမှုမှာ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက အခင်းဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ရန် စုစည်းနေသည့် လူများကရွှံ့ညွန်များအောက်တွင် နစ်မြုပ်သွားခဲ့သဖြင့် သေဆုံးသူအရေအတွက် တိုးလာခြင်းဖြစ်သည်။
ရွှံ့ညွန်များက တောင်ကုန်းပေါ်မှ လျှောကျလာပြီး မိခင်နှင့် ကလေးများကို ဖုံးလွှမ်းသွားခဲ့ပြီး အစ်ကိုက ရွှံ့ညွန်များအောက်မှ မိမိအား ဆွဲယူခဲ့သော်လည်း ကလေးလေးယောက်မှာ မြုပ်သွားခဲ့ကြောင်း၊ ၎င်း၏ ခင်ပွန်းမှာလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး ရွှံ့ညွန်များအကြား နစ်မြုပ်၍ သေဆုံးသွားပြီဟု ထင်မိကြောင်း အသက်ရှင်ကျန်ရစ်သူ တစ်ဦးက ဆိုသည်။
ရွှံ့ညွန်များအကြား ရုန်းထွက်
ဒါဝစ်သည် မိမိကိုယ်ကို ရွှံ့ညွန်များအကြား ရုန်းထွက်ခဲ့ရာ အသက်ရှင်ခဲ့ပြီး ညီမကို တူးဖော်ရန် အခင်းဖြစ်ပွားရာ နေရာသို့ ပြန်လာခဲ့သည်။ အဆိုပါနေရာ သို့ ဒုတိယအကြိမ် ရောက်ရှိချိန်တွင် ညီမ၏ ကလေးနှစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
မြေပြိုမှုကြောင့် သေဆုံးသူများထဲတွင် ကလေးများ၊ အမျိုးသမီးများအပြင် လုံခြုံရေးဝန်ထမ်းများနှင့် ဒေသန္တရ အစိုးရအရာရှိများလည်း ပါဝင်ကြသည်ဟု ဒေသဆိုင်ရာအာဏာပိုင်များက ပြောသည်။
အီသီယိုးပီးယားနိုင်ငံတောင်ပိုင်း၌ အရေးပေါ်တုံ့ပြန်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်ပြုလုပ်နေချိန် အတွင်း မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေမှာ ၂၅၇ ဦးအထိရှိလာပြီး စုစုပေါင်း လူဦးရေမှာ ၅၀၀ အထိ တိုးလာနိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (ယူအင်န် အိုစီအိတ်ချ်အေ) က သတိပေးထားသည်။
အီသီယိုးပီးယားနိုင်ငံ၌ ရွှံ့ညွန်များအောက်တွင် ပြန်လည်တွေ့ရှိခဲ့သည့် ရုပ်အလောင်းများကြောင့် သေဆုံးသူ အရေအတွက်တိုးလာခြင်းဖြစ်သည်ဟု ဒေသတွင်း အာဏာပိုင်များ၏ ပြောကြားချက်များကို ကိုးကားပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးမှူးရုံးက ဆိုသည်။
ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့များသည် အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်း၌ ဆိုးရွားသည့်မြေပြိုမှု ဖြစ်ပွားခဲ့သည့် အတွက် အီသီယိုးပီးယားအစိုးရကို ထောက်ပံ့မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်ဟု လူသားချင်းစာနာ ထောက်ထားသူများက ဆိုသည်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများထဲတွင် အမိုးအကာများ၊ အာဟာရများ၊ ရေသန့်များနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့များ ပါဝင်သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ဆိုသည်။
အီသီယိုးပီးယားနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားခြင်းကြောင့် ကြက်ခြေနီအသင်းနှင့် အစုအဖွဲ့ဝင်များ၏ ထောက်ပံ့မှုနှင့် အတူ ဒေသတွင်းအာဏာပိုင်များ၏ ဦးဆောင်မှုဖြင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ပြုလုပ် နေဆဲဖြစ်သည်။ လူပေါင်း ၁၂၅ ဦးထက် မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒဏ်ရာရရှိ သူများကို အနီးနားရှိ ကျန်းမာရေး ဌာနများသို့ ပို့ဆောင်ပေးခဲ့သည်ဟု အဆိုပါရုံးက ပြောကြားသည်။
အီသီယိုးပီးယားအစိုးရသည် မိုးသည်း ထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် အသက်ငါးနှစ်အောက် ကလေး ၁၃၂၀ နှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၄၀၀ အပါအဝင် ထိခိုက်လွယ်သည့်လူပေါင်း ၅၂၉၃ ဦးတို့ကို နေရာပြောင်းရွှေ့ပေးရန် ပြုလုပ်လျက်ရှိသည်။ ယခုအချိန်အထိ လူပေါင်း ၆၀၀ ကို နေရာပြောင်းရွှေ့ပေးခဲ့ပြီး ဖြစ်သည်။
စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရ
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် ပျောက်ဆုံးနေသူများကို ရှာဖွေနေဆဲဖြစ်ပြီး ခက်ခဲသည့် မြေပြင် အခြေအနေနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
သဘာဝဘေးသင့် ပြည်သူများအား နောက်ထပ်မြေပြိုမှုအန္တရာယ်များ ကြောင့် ဘေးကင်းစိတ်ချရသည့် နေရာများသို့ ချက်ချင်းပြောင်းရွှေ့ရန် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက သတိပေးထားသည်။
အီသီယိုးပီးယားနိုင်ငံ၌ ဇူလိုင်လတွင် စတင်သည့် မိုးရာသီကာလအတွင်း လူသေဆုံးမှုနှင့် အပျောက်အဆုံးများသည့် မြေပြိုမှုများဖြစ်ပွားပြီး စက်တင်ဘာလလယ်အထိ မိုးရွာသွန်းမှုကြာမြင့်ရန် ခန့်မှန်းထားသည်။ အီသီယိုးပီးယား ဒေသများနှင့် အာဖရိကဦးချိုဒေသတစ်ဝန်း လာမည့်လများအတွင်း ပုံမှန်ထက် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ခြေရှိသည်ဟု ပြီးခဲ့သည့်လက ပြည်သူများအား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့က သတိပေးထားသည်။
အီသီယိုးပီးယား နိုင်ငံတစ်ဝန်း ရုတ်တရက်ရေကြီးမှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီးနောက် လူနှင့် တိရစ္ဆာန် သေဆုံးမှုများ၊ ပစ္စည်းများဆုံးရှုံးမှု၊ နေရာပြောင်းရွှေ့မှုများနှင့် ရေကြောင့်ဖြစ်သည့် ရောဂါများဖြစ်ပွားနိုင်ပြီး လူပေါင်း ၂ ဒသမ ၅ သန်းကျော် ထိခိုက်စေနိုင်သည် ဟု ရာသီဥတုခန့်မှန်းရေးနှင့် အသုံးပြုရေးစင်တာက သတိပေးထားသည်။
အီသီယိုးပီးယားနိုင်ငံတွင် မြေပြိုမှုကြောင့် သေဆုံးသူများအတွက် ဇူလိုင် ၂၇ ရက်မှစကာ သုံးရက်ကြာနိုင်ငံတော် ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့သည်။
ထို့ပြင် ယခုအခါတွင်လည်း အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း၌ လှေတစ်စင်းနစ်မြုပ်မှု ဖြစ်ပွားသဖြင့် လူ ၁၉ ဦးခန့်ပျောက်ဆုံးနေသည်ဟု ဒေသတွင်းမီဒီယာများက ဇူလိုင် ၂၈ ရက် တွင် ပြောကြားသည်။
ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းက နိုင်ငံမြောက်ပိုင်း အမ်ဟာရာဒေသရှိ မြစ် အတွင်း လူ ၂၆ ဦး တင်ဆောင်လာသည့် လှေတစ်စင်း နစ်မြုပ်သွားခဲ့သည်ဟု ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။
အခင်းဖြစ်ပွားရာနေရာမှ ကလေးငယ်တစ်ဦးအပါအဝင် ခုနစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ အရေအတွက်ကိုလည်း မသိရသေးကြောင်း ဒေသတွင်းအာဏာပိုင်များက ဆိုသည်။ ကယ်ဆယ်ခဲ့သည့် ကလေးမှာ ပြင်းထန်ဒဏ်ရာများရရှိပြီး လက်ရှိတွင် နီးစပ်ရာကျန်းမာရေးဌာန၌ ဆေးကုသမှုခံယူလျက်ရှိသည်။ အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်ပြုလုပ်လျက်ရှိရာ ယခုအချိန်အထိ သေဆုံးသူနှစ်ဦးကို ပြန်လည်တွေ့ရှိခဲ့သည်။ လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ ၁၉ ဦးမှာလည်း သေဆုံးနိုင်ခြေရှိသည်ဟု ဒေသတွင်း မီဒီယာများက ဆိုသည်။
ကိုးကား - ဆင်ဟွာ၊ အေအက်ဖ်ပီ