သီဟစည်သူ
(ဇူလိုင် ၂၂ ရက်မှအဆက်)
(၂) အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မြန်မာပြည်မြောက်ပိုင်းတွင် တည်ရှိသည့် အာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခုဖြစ်သည်။ အဆိုပါ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၈၁၄ ဒသမ ၉၉ စတုရန်းကီလိုမီတာ၊ ၃၁၄ ဒသမ ၆၇ စတုရန်းမိုင် ကျယ်ဝန်းသည်။ အင်းတော်ကြီးအိုင်အပါအဝင် ဆက်စပ်သစ်တော ကြိုးဝိုင်းငါးခု၊ စုစုပေါင်းဧရိယာ ၂၀၁၃၈၉ ဧက၊ ၈၁၄၉၉ ဟက်တာကို အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ အင်းတော်ကြီးကန် အနီးဝန်းကျင်တွင် ကျေးရွာ ၁၅ ရွာမှ လူပေါင်း ၅၀၀၀၀ ကျော် နေထိုင်ကြပြီး စားဝတ်နေရေးအတွက် ငါးဖမ်းလုပ်ငန်းနှင့် ဆန်စပါးစိုက်ပျိုးခြင်းတို့အတွက် ရေဝပ်ဒေသဂေဟ စနစ်အပေါ် မှီခိုနေကြရသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်းတွင်း ရေချိုကန်ကြီးဖြစ်သည့် အင်းတော်ကြီး ကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင်အာဆီယံ အမွေအနှစ်ဥယျာဉ်ကြီးအဖြစ် လည်းကောင်း၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ဆောင်းခိုငှက်များ ဝင်ရောက်ရာ အရှေ့အာရှ-ဩစတြေးလျငှက် ပျံသန်းရာလမ်းကြောင်း (EAAF-118)၏ အဖွဲ့ဝင် နိုင်ငံအဖြစ် လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်ရမ်ဆာရေဝပ်ဒေသ(Site No.2256) အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ် ဇွန် ၁၅ ရက်တွင် ဇီဝအဝန်းနယ်မြေ အဖြစ်လည်းကောင်း သတ်မှတ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်တွင် Wetland Link International-WLI နှင့် ချိတ်ဆက် နိုင်ခဲ့သည်။
ဘေးမဲ့တော၏ ၅၀ ရာခိုင်နှုန်းကို ရွက်ကြွေတောများဖြင့် ဖုံးလွှမ်းထားပြီး ကျန် ၃၀ ရာခိုင်နှုန်းကို စိမ့်မြေတောများ ဖြင့် ဖုံးလွှမ်းထားသည်။ အခြားသစ်တော အမျိုးအစားများမှာ အမြဲစိမ်းတော၊ ရွက်ကြွေတောဝါး၊ တောင်ပေါ်တော ထင်းရှူးဖြစ်သည်။ စာရင်းဇယားများအရ ၁၆၅ မျိုးသော သစ်ပင်နှင့် ဆေးဖက်ဝင် သစ်ပင်မျိုးစိတ်များ၊ နို့တိုက်သတ္တဝါ ၃၈ မျိုး၊ ငှက်မျိုးစိတ် ၄၄၈ မျိုး၊ တွားသွား သတ္တဝါ ၄၁ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၃၄ မျိုးနှင့် လိပ်ပြာအမျိုးပေါင်း ၅၀ ကျော် ရှိသည်။ မျိုးသုဉ်းလုနီးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် လင်းတကျောဖြူ နှင့် မြန်မာနိုင်ငံ၌သာ တွေ့ရသော မျိုးစိတ်ဖြစ်သည့် နဖားကြူးအမြီး ဝိုင်းငှက်တို့ အပါအဝင် ရှားပါးငှက်မျိုး စိတ် ၁၀ မျိုး ကျက်စားလျက်ရှိသည်။ ထို့အတူ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောဥယျာဉ်တွင် နှစ်စဉ် ဆောင်းခိုငှက်မျိုးစိတ် ၃၀ ကျော်၊ ဌာနေငှက်မျိုးစိတ် ၂၀၀ ကျော်နှင့်အတူ ငှက်ကောင်ရေ စုစုပေါင်း ၂၀၀၀၀ ဝန်းကျင် ပုံမှန်နားခိုကျက်စားနေထိုင် လျက်ရှိသည်။
(၃) အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင်ကနီမြို့နယ်တွင် တည်ရှိသည့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး သဘာဝဘေးမဲ့တော ဥယျာဉ်တစ်ခုဖြစ်ပြီး ၂၀ဝ၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ အလောင်းတော် ကဿပအမျိုးသားဥယျာဉ်သည် အကျယ်အဝန်း ၃၄၆၆၃၉ ဒသမ ၃၉ ဧက(၅၄၁ ဒသမ ၆၂ စတုရန်းမိုင်)ရှိပြီး ၂၀၂၀ ပြည့်နှစ်အထိ ကောက်ယူထားသည့် အချက်အလက်များအရ ဘေးမဲ့တောဥယျာဉ်အတွင်း တောရိုင်းတိရစ္ဆာန်များဖြစ်သည့် ဆင်၊ ကျားသစ်၊ ပြောင်၊ စိုင်၊ ဆတ်၊ ဝက်ဝံ၊ ချေ၊ တောဆိတ်၊ တောခွေး၊ မျောက်အမျိုးမျိုးနှင့် တောကြောင် အမျိုးမျိုးစသည့် နို့တိုက်သတ္တဝါ ၃၆ မျိုး၊ အောင်လောင်၊ အောက်ချင်း၊ သစ်တောက်ငှက်၊ ဒေါင်း၊ ရစ် အစရှိသည့် ငှက်အမျိုးပေါင်း ၄၇၇ မျိုး၊ ကုန်းနေ၊ ရေနေနှင့် တွားသွားသတ္တဝါ ၉၄ မျိုး၊ လိပ်ပြာမျိုးစိတ် ၂၅၀ အပြင် သဘာဝပေါက်ပင်များဖြစ်သော ကျွန်း၊ ပိတောက်၊ တမလန်း၊ သစ်ရာ၊ အင်ကြင်း၊ ပျဉ်းကတိုး စသည့် သစ်မျိုး ၄၆၅ မျိုး၊ ရှားပါးသစ်ခွ ၅၄ မျိုး၊ ဆေးဖက်ဝင် အပင် ၁၄၃ မျိုး၊ ဝါးပိုး၊ တင်းဝါး၊ မြင်ဝါး စသည့် ဝါးမျိုးစိတ် ရှစ်မျိုး၊ ကြိမ် လေးမျိုးအပါအဝင် တောရိုင်း တိရစ္ဆာန် ၈၅၇ မျိုးနှင့် သဘာဝ ပေါက် ပင် ၆၇၄ မျိုးကို ထိန်းသိမ်းထားကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှသိရသည်။ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် ပင်လယ်ရေ မျက်မှာပြင် အထက် မီတာ ၂၀ဝ မှ မီတာ ၁၂၈၀ အထိ ရှိသော တောင်တန်းများ၊ လျှိုမြောင်၊ ချိုင့်ဝှမ်းများ၊ ကုန်းမြင့်များတည်ရှိပြီး အထက်ရွက်ပြတ်ရောနှောတောစို၊ အထက် ရွက်ပြတ်ရောနှောတောခြောက်၊ အောက်ရွက်ပြတ်ရောနှောတော၊ အင်တိုင်းတော၊ ထင်းရှူးတောနှင့် ချောင်းဘေးအမြဲစိမ်းတောများ ရှင်သန်ပေါက်ရောက်လျက်ရှိသည်။
ဆက်လက်ဖော်ပြပါမည်