ပွင့်ဖြူ ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၆၂ ဒသမ ၈၅)သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၂)ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ထံမှ သိရသည်။ 

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက် မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ  ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၀၂ ဒသမ ၇)သန်းဖြင့် ကွန်ကရစ်လမ်း လုပ်ငန်း ၆ ခု ၊ ရန်ပုံငွေကျပ် (၆ ဒသမ ၈)သန်းဖြင့် တံတားလုပ်ငန်း ၄ ခု ၊ ရန်ပုံငွေကျပ် (၄၇ ဒသမ ၈၅)သန်းဖြင့် ရေစီးရေလာ ကောင်းမွန်ရေး အရှည်ပေ ၁၈၄၀ ပေ ရေမြောင်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ရန်ပုံငွေ (၅ ဒသမ ၅)သန်းဖြင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း ၂ ခု စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၂)ခုကို ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၆၂ ဒသမ ၈၅) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ မြို့ပြအင်္ဂါရပ်နှင့်အညီ  သန့်ရှင်းသာယာ လှပစေရန်အတွက် နှစ်စဉ်နှစ်တိုင်း ဌာန၏ခွင့်ပြုရန်ပုံငွေအပေါ်မူတည်ပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာလဲ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေနဲ့ ဒေသခံပြည်သူတွေ သွားလာရေးအဆင်ပြေစေရန်အတွက် လမ်း/တံတားလုပ်ငန်းတွေ၊ ရေစီးရေလာ ကောင်းမွန်စေဖို့  ရေမြောင်းပြုလုပ်ခြင်းနဲ့  အခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၂)ခုကို ပြုလုပ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ဖို့အတွက်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စတင်အကောင် အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် က ပြောသည်။  
 
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)