သဲကုန်း ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီတွင် မိုးနှမ်းလျာထားချက် (၆၂၈၈)ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ 


ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းစိုက်ပျိုးခြင်းကို (၆၂၈၈ )ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာ ဒေသခံတောင်သူများအနေဖြင့် ယခုအခါ လျာထားဧကထက် ပြည့်မီကျော်လွန်၍ စိုက်ပျိုးနိုင်ခဲ့ပြီး ဇွန်လ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ (၆၂၉၇) ဧက စိုက်ပျိုးထားပြီး စိုက်ပျိုးသည့်နှမ်းမျိုးမှာ ဆင်းရတနာ- ၃၊ ဆင်းရတနာ-၁၄ နှမ်းမျိုးများဖြစ်ပြီး မိုးနှမ်းကို မေလတွင် စတင်စိုက်ပျိုးကြသည်။

နှမ်းစိုက်ပျိုးရာတွင် ထွန်ရေး၊ ထယ်ရေးကောင်းမွန်စေရန် အထူးလိုအပ်ပြီး၊ အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ တန်းဆွဲအစေ့ချနည်းစနစ်ဖြင့် စိုက်ပျိုးခြင်းစိုက်ပျိုးလျက်ရှိရာ ပင်ကြား ပေါင်းလိုက်ခြင်း၊ ပေါင်းသတ်ဆေးများကို စနစ်တကျအသုံးပြုခြင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေ သြဇာများကို အချိုးကျပေါင်းစပ်အသုံးပြုခြင်းများ ဆောင်ရွက်ပေးရကြောင်း သိရသည်။

ဒေသခံတောင်သူများအနေဖြင့် မိုးနှမ်းစိုက်ပျိုးရာ၌  သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် အခြေခံစိုက်ပျိုးရေး နည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သွင်းအားစု ပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)