နေပြည်တော်၊ ဇူလိုင် ၂၉
ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု ကာကွယ်ထိန်းသိမ်းရန် အစီအမံများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၊ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ အရာထမ်း ဆရာ၊ ဆရာမများ တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင် ကျော်ထွန်းက လူဦးရေတိုးလာသည်နှင့်အမျှ စိုက်ပျိုးမြေတိုးချဲ့မှုနှင့် မြို့ရွာတိုးချဲ့မှုများကြောင့် မြေမျက်နှာပြင် အသုံးပြုမှု ပြောင်းလဲလာခြင်း၊ မြစ်ချောင်းများ၏ ရေဝေရေလဲဒေသများတွင် သစ်တောပြုန်းတီးလာခြင်း၊ မြစ်ချောင်းရေလမ်းကြောင်းများအတွင်း ရွှေသတ္တုတူးဖော်မှု၊ မြစ်ချောင်း အသုံးပြုသူများနှင့် မြစ်ချောင်းနံဘေးများတွင် နေထိုင်ကြသူများ၏ စည်းကမ်းမဲ့စွာ အမှိုက်များ မြစ်ချောင်းများအတွင်း စွန့်ပစ်မှုများကြောင့် မြစ်ချောင်းများရှိ ရေလမ်းများတွင် သဲနုန်းများ အနည်ထိုင်မှု ပိုမိုလာစေကြောင်း၊ မြစ်ချောင်းများအတွင်း သဲနုန်းများ ပို့ချမှုများကြောင့် သဲသောင်များဖြစ်ထွန်းခြင်းသည် မြစ်ကြမ်းပြင်ကို မြင့်တက်စေကာ မြစ်ချောင်းများ တိမ်ကောမှု ပိုမိုဖြစ်လာစေသည့် အချက်များဖြစ်သော မြစ်ချောင်းများ၏အကျယ် ပိုမိုကျယ်ပြန့်လာခြင်း၊ ရေလမ်းကြောင်းများ ပိုမိုခွဲဖြာ စီးဆင်းလာခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ကာ အကျိုးဆက်အနေဖြင့် ရေတိုက်စားကမ်းပြို ကမ်းစားမှုများနှင့် ရေကြီးရေလျှံမှု ဖြစ်စဉ်များကို ဖြစ်ပေါ်လာစေကြောင်း။
ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် ဧရာဝတီမြစ်၏ မြစ်ရေလမ်းကြောင်း ပြောင်းလဲမှု၊ ရေတိုက်စားကမ်းပြိုမှုများ၏ အကျိုးဆက်ကိုခံစားရသည့် ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နယ် ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် ထိခိုက်မှုအနည်းဆုံးဖြင့် ရေရှည်ထိန်းသိမ်းရေး အစီအမံများချမှတ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာပညာရှင်များကို ဖိတ်ကြား ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိခိုက်ပျက်စီးမှု နည်းစေမည့် ရေလမ်းကြောင်း ကောင်းမွန်ရေး အကောင်းဆုံး အစီအမံများကို ဖော်ထုတ်ဆောင်ရွက်သွားနိုင်ရန် ကျွမ်းကျင်ပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ရေလမ်းဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီ မြစ်ရေ တိုက်စားခံရမှုနှင့် ဆောင်ရွက်ထားမှု၊ ဟင်္သာတရေလမ်း ကောင်းမွန်ရေး ဆောင်ရွက်မှု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာအနီး ကမ်းပြိုကမ်းစားမှု ဖြစ်စဉ်များနှင့် ရေဘေးကာကွယ်ရေး ဖြတ်တာများ တည်ဆောက်မှု၊ ရေတိုက်စားကမ်းပြိုမှုကြောင့် ထိခိုက်မှုများနှင့် မြေနေရာချထားမှုတို့ကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရေရှည်တွင် ထိခိုက်မှုအနည်းဆုံး ဆောင်ရွက်သင့်သည့် အစီအမံ (၃)ခုကို တင်ပြရာ ယင်းအစီအမံများအပေါ် ပညာရှင်များနှင့် တက်ရောက်လာကြသူများက အဖွဲ့များစုဖွဲ့၍ စားပွဲဝိုင်းဆွေးနွေးခြင်း၊ စံနှုန်းအမျိုးမျိုးဖြင့် ဆန်းစစ်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့အလိုက် ဆွေးနွေးအကြံပြုကြသည်။
ပညာရှင်များနှင့် တက်ရောက်လာကြသူများ၏ အကြံပြုချက်များ၊ ဆွေးနွေးချက်များ၊ ဆန်းစစ်ချက်များအပေါ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အနှစ်ချုပ် သုံးသပ်တင်ပြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က အကြံပြုသုံးသပ် ဆွေးနွေးခဲ့သည်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကြီးနားမှ ညောင်တုန်းအထိ အလျား ၂,၁၇၀ ကီလိုမီတာရှိပြီး ရေလမ်းပိုင်းများတွင် ၁၉၈၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း မြစ်ရေတိုက်စားမှုနှင့် မြစ်ကြောင်းပြောင်းလဲမှုများကို Satellite Images များ အသုံးပြုပြီး လေ့လာတွေ့ရှိချက်များအရ ကမ်းပြိုမှုဖြစ်ပွားသည့် အလျား ကီလိုမီတာ ၇၀၀ ခန့်ရှိခဲ့ပြီး စိုက်ပျိုးမြေအပါအဝင် မြေဧက စုစုပေါင်း ၁၂၅,၈၆၈ ဧကခန့် ဆုံးရှုံးသွားခဲ့သည်ကို စိစစ် တွေ့ရှိရကြောင်း သတင်းရရှိသည်။
သတင်းစဉ်


