မော်စကို၊ ဇူလိုင် ၂၉
အရှေ့တောင်အာရှ ဒေသတွင် အမေရိကန်၏ နျူကလီးယားလက်နက် ဖြန့်ကြက်မှုကြောင့် ဒေသတွင်းလုံခြုံရေး အတွက် စိုးရိမ်ရသည့်အခြေအနေများ ဖြစ်လာစေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလဗ်ဗရော့ဒ်က ယမန်နေ့က ပြောကြားခဲ့သည်။
အမေရိကန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် နျူကလီးယားလက်နက်များ ဖလှယ်နေပြီး ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်မှုများကို ဆောင်ရွက်နေကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။ လက်ရှိအချိန်တွင် ယင်းစစ်ရေး လေ့ကျင့်မှုများသည် အာရှဒေသသို့ဦးတည်လာပြီး ယင်းကဲ့သို့လုပ်ရပ်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးမရှိစေဘဲ လုံခြုံရေးဆိုင်ရာစိုးရိမ်မှု များကိုမြင့်တက်စေကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ အမေရိကန်နိုင်ငံသည် ပြည်ပနိုင်ငံများကိုလေးစားမှု မရှိသဖြင့် အရှေ့တောင် အာရှနှင့် အာရှ - ပစိဖိတ်ဒေသတွင် နျူကလီးယားလက်နက်များကို ဖြန့်ကြက်ခြင်းဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုပြောကြားသည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့အကြား မကြာမီကရရှိခဲ့သည့် နျူကလီးယားဆိုင်ရာ သဘောတူညီချက်သည် ဒေသတွင်းလွှမ်းမိုးမှုပြုရေး အမေရိကန်၏ဆောင်ရွက်ချက် ဖြစ်ကြောင်း လဗ်ဗရော့ဒ်က ထပ်လောင်းပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ