ပေကျင်း၊ ဇူလိုင် ၃၀

 

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင် ဇူလိုင် ၂၉ ရက်နံနက်ပိုင်းက မြစ်ရေလှောင်တမံတစ်ခု ကျိုးပေါက်မှုကြောင့် ဒေသခံစုစုပေါင်း ၃၈၃၂ ဦး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဇူလိုင် ၂၉ ရက် နံနက် ပိုင်းတွင် ပြောကြားသည်။

 

အဆိုပါ မြစ်ရေလှောင်တမံကျိုးပေါက်မှုသည် ဇူလိုင် ၂၈ ရက် ည ၈ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်းနှင့် ယခုအချိန်အထိ အသေအပျောက်သတင်း မရရှိသေးကြောင်း ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေးဌာနချုပ်က ပြောကြားသည်။

 

ရှင်တန်နှင့် ရှင်ဟူဒေသတို့ရှိ ကျေးရွာနှစ်ရွာတို့မှ ဒေသခံများအား နေရာထိုင်ခင်းပေးရန် ဒေသဆိုင်ရာ စာသင်ကျောင်း လေးကျောင်းတွင် ယာယီတဲများ ဆောက်လုပ်ပေးထားပြီး အများစုမှာ ၎င်းတို့၏ ဆွေမျိုးများနှင့်အတူ ခေတ္တနေထိုင်ရန် ရွေးချယ်ထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

တိုင်ဖွန်း Gaemi ၏ ရိုက်ခတ်မှုကြောင့် ဟူနန်ပြည်နယ်၏ အစိတ်အပိုင်းများတွင် ဇူလိုင် ၂၆ ရက်ညပိုင်းမှစတင်ကာ ဇူလိုင် ၂၉ ရက်အထိ အလွန်ပြင်းထန်သော မိုးသက်မုန်တိုင်းများ ကြုံတွေ့ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်