ရန်ကုန်၊ ဇူလိုင် ၂၉
လူစိတ်ဝင်စားမှုများပြားသည့် ပြိုင်ပွဲတစ်ခုဖြစ်သော U - 12 Junior Soccer World Challenge 2024 ပြိုင်ပွဲ ဝင်မည့် ပဏာမ မြန်မာ ယူ - ၁၂ အသင်းသည် မန္တလေးမြို့တွင် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ထံမှ သိရသည်။
U-12 Junior Soccer World Challenge ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်မှ စတင်ကာ ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ပထမဆုံးပြိုင်ပွဲကို ၂၀၁၃ ခုနှစ် သြဂုတ် ၂၇ တွင် စတင်ကျင်းပရာအသင်းပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်သည့်အနက် ဘာစီလိုနာအသင်းက လီဗာပူးကို အနိုင်ရဗိုလ်စွဲခဲ့သည်။ ပြိုင်ပွဲအပေါ် စိတ်ဝင် စားမှုများလာခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်သည့် အာဆင်နယ်နှင့် မန်စီးတီး၊ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ် စသည့်အသင်းများအပြင် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ သြစတြေးလျ၊ နိုင်ဂျီးရီးယားတို့မှ အသင်းများလည်းဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၃ က ကျင်းပသည့် ပြိုင်ပွဲတွင် မြန်မာ ယူ - ၁၂ အသင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုတွင်း၌ ပြိုင်ပွဲ၏ အအောင်မြင်ဆုံး ဖြစ်သော ဘာစီလိုနာနှင့် တွေ့ဆုံခဲ့သည်။ ယခုနှစ်ပြိုင်ပွဲကို သြဂုတ် ၂၀ ရက်မှ၂၃ ရက်အထိ ဂျပန်နိုင်ငံ ချီးဘားမြို့၌ ကျင်းပမည်ဖြစ်ပြီးမြန်မာ ယူ - ၁၂ အသင်း အပါအဝင် စုစုပေါင်း ၄၈ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ မြန်မာယူ- ၁၂ အသင်းသည် အုပ်စု (D) ၌ ဂျပန်ကလပ်အသင်းများဖြစ်သည့် Tozuka Football Club Junior၊ Kashima Antlers Norte၊ FC Basara Hyogo တို့နှင့် ကျရောက်နေခြင်းဖြစ်သည်။ ပဏာမ မြန်မာယူ - ၁၂ အသင်းကို နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်ဟောင်း ဦးမင်းသူက ကိုင်တွယ်လျက်ရှိပြီး မန္တလေးဘောလုံးအကယ်ဒမီ တွင် သြဂုတ် ၂ ရက်အထိ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ သြဂုတ် ၃ရက်တွင် ရန်ကုန်သို့ ပြန်လာ၍ ပြင်ဆင်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။
ပဏာမမြန်မာ ယူ -၁၂ အသင်းကို ကစားသမား ၂၈ ဦးဖြင့် ဖွဲ့စည်းထားပြီး လေ့ကျင့်မှုများ ပြုလုပ်စေခြင်း၊ ခြေစမ်းပွဲများ ယှဉ်ပြိုင်စေခြင်းများ ပြုလုပ်ပြီးနောက် အပြီးသတ် ၁၈ ဦး ရွေးချယ်၍ U-12 Junior Soccer World Challenge 2024 အား ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
Htet Oo Maung