ဖူကျို့ ဇူလိုင် ၂၉
ယခုနှစ်၏ တတိယမြောက် တိုင်ဖွန်းမုန်တိုင်း ဂေမီကြောင့် တရုတ်နိုင်ငံအရှေ့ဘက် ဖူကျန်းပြည်နယ် ဒေသခံ ၇၆၆၉၀၀ ကို ဘေးသင့်ခဲ့ပြီး ယွမ် ၁ ဒသမ ၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၂၄ ဒသမ ၃၅ သန်းခန့်) တိုက်ရိုက်စီးပွားရေး ဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။
လတ်တလောတွင် အဆိုပါမုန်တိုင်းကြောင့် ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး အစီရင်ခံစာ လက်ခံရရှိခြင်း မရှိသေးကြောင်း ပြည်နယ် ရေကြီးရေလျှံမှုကာကွယ်ရေးနှင့် ထိန်းချုပ်ရေးရုံးက တနင်္လာနေ့တွင် ပြောသည်။ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဖူကျန်းပြည်နယ်၌ အန္တရာယ်ရှိသော ဒေသများမှ လူပေါင်း ၃၁၂၇၀၀ ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လူပေါင်း ၆၉၄၀၀ ပါဝင်သော ကယ်ဆယ်ရေးအသင်းအဖွဲ့ ၂၇၆၃ ဖွဲ့ ကို စေလွှတ်ထားကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်းသည် ဖူကျန်းပြည်နယ် ဒေသအများအပြား၌ မိုးသည်းထန်စွာ ရွာသွန်းမှုကိုဖြစ်ပေါ်စေပြီး ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ မြစ် ၁၇ ခုမှ မြစ်ရေလျှံမှုများလည်း ဖြစ်ပွားခဲ့သည်။ တိုင်ဖွန်း မုန်တိုင်းကြောင့် ပြတ်တောက်မှုဖြစ်ပွားသည့် ဓာတ်အားလိုင်းအားလုံးကို ပြုပြင်ဆောင်ရွက် ပြီးဖြစ်ကြောင်းနှင့် ဆက်သွယ်ရေး ကွန်ရက်များမှာ ပုံမှန်အတိုင်းရှိကြောင်း သိရသည်။
ဆင်ဟွာ