မိုးညို ဇူလိုင် ၃၀

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ထန်းပင်ကုန်းကျေးရွာနှင့် သရက်ကုန်းကျေးရွာကြား မိုးညို-မင်းလှသွား ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၁/၃ နှင့် ၁၁/၄ ကြားရှိ ကားလမ်း ရေတိုက်စားမှုမရှိစေရေးအတွက် ရေကာရိုက်ခြင်း လုပ်ငန်းများကို ဇူလိုင် ၂၉ ရက်က ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်သ‌န္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာနေ ပြည်သူများ စုပေါင်း၍ ဝါး၊ ထရံ၊ သဲအိတ်များအသုံးပြု၍ ရေကာပြုလုပ်ခြင်း၊ ရေလှိုင်းရိုက်ခတ်မှုကာကွယ်ရန် ဗေဒါပင်နင့် ကိုင်းပင်များ တာဘေးကပ်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုမင်း(ပြန်/ဆက်)