နေပြည်တော်     ဇူလိုင်       ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိုင်ငံဖွံ့ဖြိုးရေး တည်ဆောက်ရာတွင် အမှန်တကယ်အားထားရသည့် ပြည်သူ့အကျိုးသယ်ပိုးနိုင်သော၊ ဗလငါးတန်နှင့် ပြည့်စုံသော အင်ဂျင်နီယာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ပင်မဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လှိုင်မြို့နယ်ရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ   နောက်ဆုံးပေါ် Digital Transformation ဆိုင်ရာ IT နည်းပညာ အရွေ့နှုန်းနှင့်အတူ အမှီလိုက် ပါနိုင်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု IT နည်းပညာရှင်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား၍ တက္ကသိုလ်ပင်မဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အားဖြစ်စေမည့် အင်ဂျင်နီယာလူငယ်များကို နိုင်ငံတကာစံနှုန်းများ ပြည့်မီစွာဖြင့် စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)