နေပြည်တော် ဇူလိုင် ၃၀

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဗဟိုကော်မတီဝင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန() ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် State Academy မန္တလာတက္ကသိုလ်နှင့်  အမျိုးသား စီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်တို့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများတက် ရောက်ကြသည်။

ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဇွန်လအတွင်း ကျင်းပပြုလုပ် ခဲ့သည့် (၁/၂၀၂၄) ကြိမ်မြောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ထားသည့် မြန်မာနိုင်ငံခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Myanmar Tourism Development Board သို့မဟုတ် Authority တစ်ခုတည်ထောင်ရန် လိုအပ်ချက် ရှိ/မရှိနှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်ပြီး ဆန်းစစ်ချက်များနှင့်အတူ ကော်မတီသို့ ပြန်လည်တင်ပြနိုင်ရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း။

ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် Myanmar Tourism Development Board သို့မဟုတ် Authority တစ်ခု တည်ထောင်ရန် လိုအပ်ချက် ရှိ/မရှိနှင့် စပ်လျဉ်းပြီး အရေးပါသည့် ခေါင်းစဉ် (၅) ခု ကို ရွေးချယ်သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊  ထို့ကြောင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် Myanmar Tourism Development Board လုပ်ငန်းယန္တရား စနစ်တကျပေါ်ထွက်လာပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရန်အတွက် တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦး က အလုပ်ရုံဆွေးနွေးပွဲ၌ ဆွေးနွေးကြမည့် အကြောင်းအရာများနှင့်အဖွဲ့အလိုက် ဆွေးနွေးကြမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများသည် ဆွေးနွေးပွဲသို့ တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အဖွဲ့(၅)ဖွဲ့မှ ကိုယ်စားလှယ်များက  MTDB ၏ အမည်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ MTDB ၏ ဖွဲ့စည်းပုံ၊ MTDB  ဥပဒေရေးဆွဲပြုစုရေးနှင့် ဥပဒေတွင်ထည့်သွင်းရမည့်ကိစ္စရပ်များ၊ MTDB ၏ စီမံကိန်းများ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် MTDB ၏ ဘဏ္ဍာငွေအရင်းအမြစ်များရရှိခြင်း၊ ထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်း စသည့် ခေါင်းစဉ် များဖြင့် ဆွေးနွေး တင်ပြကြပြီး တက်ရောက် လာကြသူများ က သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က အလုပ်ရုံ ဆွေးနွေးပွဲ၏ ရလဒ်များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ပြန်လည်သုံးသပ် ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

(သတင်းစဉ်)