နေပြည်တော်     ဇူလိုင်     ၃၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာသို့ ရောက်ရှိပြီး စိုက်ပျိုးရေရရှိရေးအတွက် ပေ ၂၀၀ စက်ရေတွင်း ဆိုလာရေတင်စနစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုအားပေးကာ သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ ရေကို တောင်သူများ အချင်းချင်း စနစ်တကျ မျှတစွာ ခွဲဝေသုံးစွဲရေးနှင့် လိုအပ်သည် များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာ ကွင်းအမှတ် (၁၆၃၆) ကျင်းပသည် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်ရိုးမြေဆွေးပြု လုပ်ခြင်းသရုပ်ပြ ပွဲသို့ တက်ရောက်၍ ကောက်ရိုးမြေဆွေးပြုလုပ်မှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် တာဝန်ရှိသူများက ကောက်ရိုးမြေဆွေး သဘာဝမြေဩဇာအဖြစ် ပြုလုပ်ပုံ အဆင့်ဆင့်နှင့် အသုံးပြုပုံများ၊ သဘာဝမြေဩဇာ အသုံးပြုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ ပျိုးဗန်း များဖြင့် စပါးမျိုးပျိုးထောင်မှုစနစ်များ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးပေးနေမှုများ၊ စိုက်ပျိုးရေး ပေးဝေနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယခု သရုပ်ပြသသည့် ကောက်ရိုးမြေဆွေး သဘာဝမြေဩဇာအဖြစ် ပြုလုပ်မှုကိုလေ့လာပြီး တစ်ပိုင်တစ်နိုင် သဘာဝမြေဩဇာ များပြုလုပ်ကာ လက်တွေ့ကျကျ အကျိုးရှိစွာသုံးစွဲကြစေလိုကြောင်း၊ လယ်ယာသုံးစက်ကိရိယာများ စက်စွမ်းအားပြည့်ဖြင့် လယ်ယာမြေများအား စိုက်ပျိုးပေးနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ မျိုးကောင်းမျိုး သန့်များ အသုံးပြုနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်လမ်း တစ်လျှောက် ရေဝပ်သောနေရာများအား နိုင်လွန်ကတ္တရာဖြည့်ခင်းခြင်း လုပ်ငန်းများနှင့် လေဆိပ်အနီး ပန်းနှင်းဆီအဝိုင်းပတ်လမ်း၌ နိုင်လွန်ကတ္တရာပြုပြင်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများပြားခြင်းကြောင့် လမ်းများပေါ်တွင် ရေတင်ရေဝပ်ခြင်းများ မဖြစ်ပေါ်စေရေး လိုက်လံစစ်ဆေးဆောင်ရွက်ရန်နှင့် လမ်းဘေး ရေဆင်းမြောင်းများ ဖောက်လုပ်ထားရှိရန်၊ ရေမြောင်းများအတွင်း ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျ စီမံဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် လေဆိပ်လမ်းပေါ်ရှိ ရထားသံလမ်းကူးနေရာနှင့် သဲကောကြီးတံတား အတက်အဆင်းလမ်း ချောမွေ့စေရေးအတွက် နိုင်လွန်ကတ္တရာ ဖြည့်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းရပ်ကွက်များနှင့် လူနေရပ်ကွက်များ၌ သန့်ရှင်းသာယာလှပရေး လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး MICC-2 သီရိရတနာအဆင့်မြင့်ဈေး၊ သဇင်ဆောင်၊ သပြေဆောင်၊ ဉာဏသိဒ္ဓိရပ်ကွက်နှင့် ပိတောက်အိမ်ရာများသို့ သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သည့် (၅၃၅) ရေပေးရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)