နေပြည်တော် ဇူလိုင် ၃၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီ (ဒုတိယအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ အရာထမ်း/ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ပိတောက်ပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက   သတ်မှတ်နေရာများတွင် သစ်ပင်များကို ဆက်လက်စိုက်ပျိုးပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မ‌ဟော်ဂနီ၊ ယမနေ၊ ဆီသပြေ၊ ပျဉ်းမ၊ ရင်းမာ စုစုပေါင်းသစ်မျိုး ၉ မျိုးဖြင့် ပျိုးပင် ၃၀၀၀ ကို လူထု လှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးခဲ့ကြပြီး မိုးရာသီအကြိုနှင့် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုး ပွဲများကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် နှစ်စဉ်ကျင်းပ ပြုလုပ် လျက်ရှိရာ ယခုနှစ် တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ အကြိမ် ၃၉၀  သစ်ပင် ပေါင်း ၃၁၅,၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီးဖြစ်သည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ မိုးရာသီအတွင်း သစ်တောစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်းနှင့် ကျေးရွာ ထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ ကားလမ်းဘေးဝဲ/ယာ စိုက်ပျိုး ခြင်း၊ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲနှင့် လူထု ဖြန့်စိုက်ပျိုးခြင်းများတွင် သစ်ပင်စုစုပေါင်း ၂၁ ဒသမ ၂၂ သန်း စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲ အပြီးတွင်  ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ အမှုဆောင်အရာရှိချုပ် မစ္စတာ အလက်စ်ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာ - ရုရှား နှစ်နိုင်ငံအကြား ဓာတ်သတ္တု ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်