နေပြည်တော် ဇူလိုင် ၃၁

Naypyitaw State Academy သို့ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (China Foundation for Rural Development- CFRD) က သုံးဖက်မြင် သင်ကြားရေး Smart Boards များ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ Academy  ၌ ကျင်းပသည်။

လှူဒါန်းပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုဆိုင်ရာသံမှူး Mr. Li Qianguo ၊ တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေး အရာရှိချုပ် Ms. Tang Fengmei ၊ ဌာနေကိုယ်စားလှယ် Ms. Lin Yuan၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

လှူဒါန်းပွဲတွင် ဒုတိယဝန်ကြီးက ယခုကဲ့သို့ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (CFRD) က သုံးဖက်မြင် သင်ကြားရေး ၈၆ လက်မ MAXHUB Smart Board  ၁၀ လုံး လှူဒါန်းသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုလှူဒါန်းသည့် ခေတ်မီ ဆန်းသစ်သော နည်းပညာသုံး သင်ထောက်ကူပစ္စည်းများသည် စာသင်ခန်းတွင်း သင်ကြား နည်းစနစ်ကို ပိုမိုထိရောက်စေကြောင်း၊ Naypyitaw State Academy ကို နိုင်ငံတကာ တက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်ရေး ကြိုးပမ်းအားထုတ်မှုတွင် ယနေ့ လှူဒါန်းမှုသည် မှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်ပါကြောင်း ပြောကြားပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ ယဉ်ကျေးမှုဆိုင်ရာသံမှူးက အမှာစကား ပြောကြားကာ တရုတ်နိုင်ငံကျေး လက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးအရာရှိချုပ်က လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ယဉ်ကျေးမှုဆိုင်ရာသံမှူး တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဘဏ္ဍာရေးအရာရှိချုပ်နှင့် ဌာနေကိုယ်စားလှယ်တို့က Naypyitaw State Academy သို့ MAXHUB Smart Board (၁၀) လုံးကို ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် တာဝန်ရှိသူတစ်ဦးက Smart Board အသုံးပြုသင်ကြားနည်းကို သရုပ်ပြ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းသို့ ကျေးဇူးတင် ဂုဏ်ပြုလွှာပေးအပ်၍ Naypyitaw State Academy  ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်က ကျေးဇူးတင်စကားပြောကြားသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးသည် စာသင်ခန်းများ၌ Smart Board အသုံးပြုသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး  ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်