ဒေါက်တာအောင်အောင်မင်း ပါမောက္ခချုပ်(ငြိမ်း)

ယဉ်ကျေးမှုဟူသည် လူရဲ့အပြုအမူများကို စီစဉ်ညွှန်ကြားပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထ ွေနေနိုင်တဲ့လူ့အသိဉာဏ်ရဲ့ ထုတ်လုပ်မှုရလဒ်တွေကို ‘ယဉ်ကျေးမှု’ လို့ ယေဘုယျအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ အမှန်တော့ယဉ်ကျေးမှုဆိုတာ လူသားတို့ရဲ့ ဘဝနေထိုင်မှုအတွက် အသေးစိတ်ချမှတ်ထားတဲ့ စီမံချက်တွေပါ။ တစ်နည်းပြောရရင် ကျွန်တော်တို့ ဖန်တီးထားသမျှကို ရာစုနှစ်များစွာ မည်သို့လက်ဆင့်ကမ်းရမယ်ကို ပြသတဲ့ လမ်းပြဆိုရင် မှန်ပါလိမ့်မယ်။

ယဉ်ကျေးမှုရဲ့ ရုပ်ပိုင်းအားဖြင့် လူသားတို့ တီထွင်ဖန်တီးထားတဲ့ စာပေအနုပညာလက်ရာများ၊ အဆောက်အအုံများ၊ ကိရိယာတန်ဆာပလာများ၊ နည်းပညာရပ်များ စတာတွေပါပါတယ်။ ယဉ်ကျေးမှုရဲ့ နာမ်(စိတ်)ပိုင်း ဆိုင်ရာအားဖြင့်ဆိုရင် ယုံကြည်မှု၊ တန်ဖိုးထားမှု၊ သဘော တရား၊ အယူအဆ၊ ဘာသာစကား၊ ကိုးကွယ်မှုစတဲ့ စိတ်ပိုင်းဆိုင်ရာ ဖန်တီးမှုတွေ ဖြစ်ကြပါတယ်။ လူ့သမိုင်းနဲ့ ယှဉ်ပြီးပြောမယ်ဆိုရင် ခေတ်တစ်ခေတ်၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုဆိုတဲ့ အဓိပ္ပာယ်ကို ညွှန်းပါတယ်။ ဒီအဓိပ္ပာယ်ထဲမှာ လူမျိုးတစ်မျိုးရဲ့ ပျိုးထောင်မှု၊ စိတ်ကူးကြံစည်မှု၊ တီထွင်ဖန်တီးမှု၊ အတွေးအခေါ်နဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပါဝင်သလို လူမျိုးတစ်မျိုးရဲ့ ဇာတိမာန်ကိုလည်း ဖော်ညွှန်းပါတယ်။ ထို့အတူ လူတစ်ဦးချင်းရဲ့ ယဉ်ကျေးမှုဆိုရာမှာ သူ့ရဲ့အပြုအမူ၊ အပြောအဆို၊ အကျင့်အကြံ၊ အဆင်အယင် စတာတွေကိုပေါင်းစုညွှန်းဆိုတဲ့ သဘောပါပဲ။

သမိုင်းအစဉ်အလာကောင်းရှိတဲ့ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုတွေဟာ အဲဒီနိုင်ငံနဲ့လူမျိုး တည်ရှိနေသရွေ့ ပျောက်ကွယ်မသွားဘဲ တည်တံ့နေမှာပါ။ ခေတ်စနစ်တွေ ဘယ်လိုပြောင်းပြောင်း မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုကို အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်လာပြီး တည်တံ့နေဖို့ အရေးကြီးပါတယ်။ ဒီလိုယဉ်ကျေးမှု အမွေအနှစ်တွေကို ခေတ်ကာလရဲ့  တိုးတက်ပြောင်းလဲမှုအစဉ်မှာ အရိုးပေါ် အရွက်မဖုံးစေဘဲ ဆက်လက်ရှင်သန်ဖွံ့ဖြိုးပြီး တည်တံ့နေဖို့ လူကြီးရော အမွေဆက်ခံမယ့် ယနေ့လူငယ်တွေမှာပါ တာဝန်ရှိပါတယ်။

လူငယ်နှင့် တွေးခေါ်မြော်မြင်မှု

ယနေ့လူငယ်တွေဟာ အတွေးအခေါ်၊ အယူအဆဟောင်းတွေကို ဖက်တွယ်မထားဘဲ ခေတ်နဲ့အညီ ပြောင်းလဲပြီး တွေးခေါ်စဉ်းစားတတ်ကြသူတွေပါ။ သူတို့ဟာ ဆန်းသစ်တီထွင်မှုတွေကို နှစ်သက်ခုံမင်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို ဆန္ဒရှိကြပါတယ်။ ပညာအခြေခံကောင်းပြီး အသိဉာဏ်ကြွယ်ဝလာတဲ့ လူငယ်တွေဟာ သမားရိုးကျကိစ္စတွေနဲ့ ကျဉ်းမြောင်းတဲ့ အမြင်တွေကိုဖောက်ထွက်ပြီး ကမ္ဘာကြည့် ကြည့်မြင်တတ်သူတ ဖြစ်လာကြတယ်။ ၂၁ ရာစုမှာ ပေါ်ထွန်းလာတဲ့အင်တာနက်၊ ကွန်ပျူတာ၊ အိုင်တီနဲ့ ဆက်သွယ်ရေး နည်းပညာသစ်တွေ၊ ဉာဏ်ရည်တူနည်းပညာနဲ့ အယူအဆသစ်တွေ၊ အချိန်နဲ့တစ်ပြေးညီ ပြောင်းလဲနေတဲ့ စနစ်တွေကို လိုက်လျောညီထွေ ခံယူကျင့်သုံးနိုင်ကြပါပြီ။ ဒါ့ကြောင့် ယနေ့လူငယ်တွေရဲ့ အရည်အသွေးနဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းတွေကို လျှော့မတွက်သင့်ပါဘူး။ သို့ပေမယ့် လူငယ်တွေမှာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း ရှိနေတာမို့ ဒီအားနည်းချက်တွေက ဘာတွေလဲ။ ဘယ်လိုအဖြေရှာပြီး အားသာချက်ဖြစ်အောင် ပြုပြင်ပေးနိုင်မှာလဲဆိုတာ အရေးကြီးပါတယ်။

လူငယ်နှင့် ယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်

မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ၃၈ ဖြာ မင်္ဂလာတရားမှာ ဂါရဝေါစ၊ နိဝါတောစ၊ သ္တုဋ္ဌိစ၊ ကတညုတ” ဆိုတဲ့ ယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်တွေပါရှိပါတယ်။ လူယဉ်နဲ့ လူရိုင်း၊ လူလိမ္မာနဲ့ လူမိုက် ခွဲခြားထားတာ ‘ဂါရဝ’ ဆိုတဲ့ အပြန်အလှန် ရိုသေလေးစားမှုနဲ့ ‘နိဝါတ’ ဆိုတဲ့ မာနမထားဘဲ နှိမ့်ချမှုဆိုတဲ့ မင်္ဂလာတရား တွေပါ။ မြန်မာလူငယ်တွေဟာ အရည်အသွေးနဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားပေမယ့် ဂါရဝတရား၊ နိဝါတတရားတွေ အားနည်းလာကြတာ အနုတ်လက္ခဏာပါ။ ဂါရဝတရားမှာ ရိုသေခြင်းနဲ့ လေးစားခြင်း နှစ်မျိုးရှိပါတယ်။ ရိုသေခြင်းဆိုတာ ကာယကံ၊ ဝစီကံ နှစ်ပါးနဲ့ဆိုင်ပြီး လေးစားခြင်းက မနောကံ(စိတ်)နဲ့ ဆိုင်ပါတယ်။ ရိုသေခြင်းဆိုရာမှာ လူပုဂ္ဂိုလ်ကို ရိုသေရသလို သဘာဝဓမ္မကိုလည်း ရိုသေရတယ်။ သက်ရှိကို ရိုသေရသလို သက်မဲ့ပစ္စည်းကိုလည်း ရိုသေရတယ်။ တစ်ပါးသူကို ရိုသေရသလို မိမိကိုယ်ကိုလည်း ရိုသေတတ်ဖို့လိုပါတယ်

အဓိကအားဖြင့် ‘အညမည ဂါရဝ’ဆိုတဲ့ အပြန်အလှန် ရိုသေလေးစားမှု၊ ‘ဟီရိဂါရဝ’ ဆိုတဲ့ အရှက်တရား ကို ရိုသေလေးစားမှုနဲ့ ‘သြတ္တပ္ပဂါရဝ’ဆိုတဲ့ အကြောက်တရားကို ရိုသေလေးစားမှုတွေ ရှိရပါမယ်။ ‘ပဋိသန္ဓာရ ဂါရဝ’ဆိုတဲ့ လူလူချင်းဆက်ဆံရာမှာ မထီလေးစား၊ ဂရုမထားသလိုမဟုတ်ဘဲ ပျူငှာဖော်ရွေစွာ ပြုမူဆက်ဆံတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ချင်းစာနာစိတ်ဆိုတာ အပြန်အလှန်လေးစားမှုကနေ လာတာပါ။ ဒီနေ့ လူငယ်တွေမှာ ‘အတ္တ’ကို ဗဟိုပြုပြီး ကိုယ်ချင်းစာနာစိတ်တွေ အားနည်းနေတာ မြင်တွေ့နေရပါတယ်။ ကိုယ်ချင်းစာတရားရဲ့ နောက်မှာ အားနာအလိုက်သိမှု၊ ဦးစားပေးတတ်မှု၊ ညှာတာထောက်ထားမှုစတဲ့ ယဉ်ကျေးမှုတွေ ပါလာမှာပါ။

ယနေ့လူငယ်တွေမှာ မာန်မာနကင်းပြီး ထောင်လွှား မောက်မာမှု၊ ကြွားဝါမှု၊ ခက်ထန်ကြမ်းတမ်းမှု ကင်းပါမှနူးညံ့သိမ်မွေ့ခြင်း၊ ပြေပြစ်ညင်သာခြင်း၊ ယဉ်ကျေးပျူငှာ ခြင်းတွေ ဖြစ်စေပါတယ်။ ‘နိဝါတ’ဆိုတဲ့ မိမိရဲ့ မာန်မာနကိုချိုးနှိမ်ထားခြင်းဆိုတာ မိမိရဲ့ အပြောအဆို၊ အပြုအမူ၊ စိတ်နေစိတ်ထာ းအားလုံးနဲ့ဆိုင်တာပါ။ အဓိကအားဖြင့် လူငယ်တစ်ယောက်ဟာ စိတ်ထားနူးညံ့သိမ်မွေ့ဖို့ လိုပါတယ်။ ‘သ္တုဋ္ဌိစ’ ဆိုတဲ့ မတော်လောဘမရှိဘဲ ရောင့်ရဲတင်းတိမ်နိုင်မှုနဲ့ ‘ကတညုတ’ဆိုတဲ့ သူတစ်ပါးကျေးဇူး သိတတ်မှုတရားတွေဟာလည်း လူငယ်တွေအတွက် အရေးကြီးတဲ့ ကိုယ်ရည်ကိုယ်သွေးတွေပါပဲ။ ယနေ့လူငယ်တွေမှာ ဒီလိုအနှိုင်းမဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ခဲ့ရင် လူတော်လူကောင်းမှသည် လူကြီးလူကောင်းတွေ ဖြစ်လာကြမှာ မလွဲဧကန်ဖြစ်ပါတယ်။

လူငယ်နှင့် ယဉ်ကျေးမှုများ ထိပ်တိုက်တွေ့ခြင်း

စစ်အေးခေတ်နောက်ပိုင်း ကမ္ဘာကြီးမှာ နိုင်ငံတိုင်းရဲ့ မူလအမှတ်အသားကို ‘ယဉ်ကျေးမှု’အပေါ် အခြေခံပြီး ထုတ်ဖော်လာကြတယ်။ ဥပမာပေးရရင် ကမ္ဘာမှာ အနောက်တိုင်းယဉ်ကျေးမှု၊ အရှေ့တိုင်းယဉ်ကျေးမှု၊ အစ္စလာမ်ယဉ်ကျေးမှု၊ ကွန်ဖြူးရှပ်ယဉ်ကျေးမှု၊ ဟိန္ဒူ ယဉ်ကျေးမှု စသဖြင့် မတူကွဲပြားတဲ့ ယဉ်ကျေးမှုအုပ်စုတွေရှိတယ်။ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် ပါမောက္ခဆင်မြူရယ်ဟန်တင်တန်က ကမ္ဘာကြီးရဲ့ မတူတဲ့ယဉ်ကျေးမှု အုပ်စုများကြားမှာ ပဋိပက္ခဖြစ်ပေါ်လျက်ရှိခြင်းကို ယဉ်ကျေးမှုများ ထိပ်တိုက်တွေ့ခြင်း (Clash of Civilization)လို့ အမည်ပေးခဲ့တာပါ။ ကမ္ဘာပေါ်မှာ ‘ဝါဒ’ပဋိပက္ခတွေထက် ယဉ်ကျေးမှုပဋိပက္ခတွေက ပိုပြီး ပြင်းထန်လာတာ ယနေ့တွေ့မြင်နေရပါပြီ။

မြန်မာနိုင်ငံမှာလည်း ပြည်ပက ယဉ်ကျေးမှုမျိုးစုံ ထိုးဖောက်ဝင်ရောက်လာနေတာ အားလုံးအသိပါ။ အထူးသဖြင့် အသစ်အဆန်း စိတ်ဝင်စားပြီး ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ ယနေ့မြန်မာလူငယ် အများစုဟာ အနောက်နိုင်ငံနဲ့ ကိုရီးယား၊ ဂျပန်စတဲ့ အာရှနိုင်ငံတွေရဲ့ ဂီတ၊ ရုပ်ရှင်၊ အနုပညာနဲ့ ဝတ်စားဆင်ယင်မှုဒီဇိုင်းတွေကို အတုခိုး လုပ်ဆောင်လာကြတယ်။ ကောင်းတဲ့ယဉ်ကျေးမှုတွေ အတုယူလုပ်ဆောင်တာ ပြဿနာမရှိပေမယ့် မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့အရာတွေ ကူးစက်ပျံ့နှံ့လာတာ ရေရှည်မှာ အန္တရာယ်ရှိလာနိုင်ပါတယ်။ ဥပမာအားဖြင့် ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲတွေ ကြည့်ပြီး လူငယ်တွေ​ ယောက်ျားလေးရော မိန်းကလေးပါ ဆိုဂျူ၊ ဘီယာသောက်တာတွေ၊ နိုက်ကလပ်နဲ့ ကာရာအိုကေတွေမှာ သွားရောက်ကခုန် ပျော်ပါးတာတွေ၊ ဗယ်လင်တိုင်းဒေးဆိုပြီး အနောက်တိုင်းယဉ်ကျေးမှုကို အတုခိုးကာ သမီးရည်းစားစုံတွဲတွေ တည်းခိုခန်းတွေမှာ အတူနေထိုင်ကြတာတွေဟာ မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖိတ်ခေါ်သလိုပါပဲ။ ပိုပြီးဆိုးတာက အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေ အတိုင်းအဆမရှိ မှီဝဲလာကြတော့ ကိုယ်ကျင့်တရားတွေ ပျက်ယွင်းပြီး ဘဝတွေ နစ်မွန်းဆုံးရှုံးနေမှာပါ။ ဆင်ခြင်ဉာဏ်မဲ့တဲ့ လူငယ်တွေများလာရင် သူတို့ဘဝတွေ ပျက်စီးဆုံးရှုံးခြင်းဟာ နိုင်ငံတော်ရဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးသွားခြင်းပါပဲ။

လူငယ်တွေ ပညာအခြေခံ အားကောင်းဖို့လို

၂၁ ရာစုမှာ ပြည်ပက ထိုးဖောက်ဝင်ရောက်လာတဲ့ယဉ်ကျေးမှုတွေဟာ အကောင်းနဲ့အဆိုး ဒွန်တွဲပါလာတော့ ဒါကို ခွဲခြားနိုင်တဲ့ အသိဉာဏ်မျိုး လူငယ်တွေမှာရှိဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော်ခန့်ဟာ ဟန်းဖုန်းတွေ သုံးစွဲလာနိုင်တော့ ဖေ့စ်ဘွတ်ယဉ်ကျေးမှု လျင်မြန်စွာ ထွန်းကားလာပါတယ်။ ကောင်းတဲ့အချက်တွေက လူမှုကွန်ရက်မှတစ်ဆင့် ကမ္ဘာအနှံ့မှာရှိတဲ့ လူပေါင်းစုံနဲ့ မိတ်ဆွေဖွဲ့နိုင်ပြီး သတင်းအချက်အလက်နဲ့ နည်းပညာဗဟုသုတတွေ ဖလှယ်နိုင်ကြတယ်။ သို့ပေမယ့် ဖေ့စ်ဘွတ်က တစ်ဆင့်လူလိမ် လူယုတ်မာတွေက ငွေကြေးလိမ်လည်မှုတွေ၊ ကာမလိမ်လည်မှု၊ အယုံသွင်းပြီး လူကုန်ကူးမှုတွေမျိုးစုံ၊ ကောလာဟလမျိုးစုံ၊ သတင်းအတုအယောင်တွေနဲ့ လှည့်စားလုပ်ဆောင်လာ ကြတယ်။ ဆင်ခြင်တုံတရားမရှိ၊ အသိဉာဏ်နည်းတဲ့ လူငယ်တွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများ စေပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ ဆဲရေးတိုင်းထွာ၊ ပြဿနာရှာနေကြသူတွေကြောင့် နိုင်ငံရဲ့ပုံရိပ်နဲ့ ယဉ်ကျေးမှုအဆင့် ကျဆင်းစေပါတယ်။

ဒါကြောင့် တိုးတက်ဖွံ့ဖြိုးနေတဲ့ အနောက်နိုင်ငံတွေ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံက လူငယ်တွေရဲ့ စည်းကမ်း စနစ်ရှိမှု၊ နိုးကြားတက်ကြွမှု၊ တီထွင်ကြံဆမှု၊ ဇွဲ၊ လုံ့လရှိမှု၊ လူအချင်းချင်း ရိုသေလေးစားမှု၊ ယဉ်ကျေးပျူငှာမှုစတဲ့ စရိုက်လက္ခဏာ ကောင်းတွေကို မြန်မာလူငယ်တွေ အတုယူစေချင်ပါတယ်။

လူငယ်တွေဟာ စိတ်ခံစားမှု (Feeling)အပေါ် အခြေခံတဲ့ ယဉ်ကျေးမှုမျိုးထက် စဉ်းစားတွေးခေါ်မှု(Thinking) အပေါ်အခြေခံတဲ့ ယဉ်ကျေးမှုကို ပိုပြီး အလေးထားသင့်တယ်လို့ ယူဆပါတယ်။ ဆိုလိုတာက ကမ္ဘာမှာ သိပ္ပံနဲ့ နည်းပညာတွေ အံ့မခန်းပြောင်းလဲနေသလို လူတွေရဲ့ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ အတွေးအခေါ်၊ အယူအဆတွေလည်း လျင်မြန်စွာ တိုးတက်ပြောင်းလဲနေ ပါတယ်။ ဒါကို ကိုယ်ပိုင်ဉာဏ်နဲ့ အမှား၊ အမှန် ခွဲခြား ဆင်ခြင်ရမှာပါ။

နိဂုံးချုပ်ရရင် ယနေ့လူငယ်တွေဟာ အတတ်ပညာ၊ နည်းပညာစွမ်းရည်တွေ မြင့်မားဖို့လိုသလို တစ်ဖက်ကလည်း ပြည်ပ ယဉ်ကျေးမှုတွေကို အတုခိုးမမှားစေဘဲအမှား၊ အမှန်၊ အကောင်းနဲ့အဆိုး ခွဲခြားတတ်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် လူငယ်တွေဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကောင်းတွေ၊ မြန်မာစာ မြန်မာဘာသာစကား၊ မြန်မာ့ဂီတ၊ စာပေအနုပညာ စတာတွေကို မြတ်နိုးထိန်းသိမ်းကာကွယ်ရမှာပါ။ သို့မှသာ မြန်မာ့ယဉ်ကျေးမှု ရှင်သန်ဖွံ့ဖြိုးကာ တည်တံ့နေမှာ အမှန်ဖြစ်ပါတယ်။

ကြေးမုံ