နေပြည်တော် ဇူလိုင် ၃၁
ဒေသဆိုင်ရာ အညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ (မူကြမ်း)၊ လျှောက်လွှာပုံစံများ (မူကြမ်း) တို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက စိုက်ပျိုးရေးထွက်ကုန်များ၊ ဒေသထွက်ကုန် များ၏ အရည်အသွေးမြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာအညွှန်းအကာအကွယ်ပေးခြင်းစနစ်သည် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အညွှန်းအကာအကွယ်ပေးမှုနှင့် စပ် လျဉ်းသည့် ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် နည်းဥပဒေ များကို ပြဋ္ဌာန်းရန် လိုအပ်နေကြောင်း၊ လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ပြီး နည်းဥပဒေ အတည်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံတို့က ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ(မူကြမ်း)၊ လျှောက်လွှာပုံစံများ (မူကြမ်း)တို့နှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တောင်းခံရရှိခဲ့မှု၊ ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြသည်။
အဆိုပါ ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေကို အတည်ပြုပြဋ္ဌာန်း ကျင့် သုံးနိုင်ပါက မြန်မာနိုင်ငံအတွင်း ထွက်ရှိသော ဒေသထွက်ကုန်များဖြစ်သည့် ရွှေဘိုပေါ် ဆန်း၊ ရွာငံကော်ဖီ၊ ကျောက်ဆည်စိန်တလုံး၊ ပုဂံယွန်းကဲ့သို့သော ဒေသထွက်ကုန်များကို အရည် အသွေးပြည့်မီ စွာဖြင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်သည့် အခွင့် အလမ်းများရရှိနိုင်မည့်အပြင် ထုတ်ကုန်တန်ဖိုးတိုးမြှင့် ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်


