နေပြည်တော် ဇူလိုင် ၃၁

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အတွက် လက်ငင်း ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင် ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက  ဝန်ကြီးဌာနအနေဖြင့် အသက် (၁၈)နှစ်ပြည့် နိုင်ငံသားအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေး အတွက် ပန်းခင်းစီမံချက်အဆင့် (၁)နှင့် (၂) တို့ဖြင့် အခက်အခဲ အမျိုးမျိုးကြားက တိုင်းဒေ သကြီး/ပြည်နယ်အလိုက် သတ်မှတ်ကာလ များအတွင်းလျာထားချက်များကို ရာနှုန်းပြည့် နီးပါးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုပန်းခင်းအဆင့် (၃) အဖြစ် ယာယီရွှေ့ ပြောင်းနေထိုင်သူ များနှင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာရက်တွင် အသက် (၁၈) နှစ်ပြည့်လာမည့်သူ စုစုပေါင်း (၂ ဒဿမ ၁) သန်းကျော်တို့အတွက် နိုင်ငံသားကတ်ပြားထုတ်ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်ရာတွင်လည်း နိုင်ငံသား ကတ်ပြားထုတ်ပေးသူများကို e-ID  စနစ် အတွက် Biographic / Biometric ကို တစ်ပါတည်း စိစစ်ကောက်ယူကာ ဂဏန်း(၁၀)လုံးပါသည့် Unique ID နံပါတ်များထုတ်ပေးရေး ဆောင်ရွက်ပေး သကဲ့သို့ ယခင်နိုင်ငံသားကတ်ပြား ရှိပြီးသူများကိုလည်း ၎င်းတို့၏ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ဝန်ကြီးဌာနအနေဖြင့် e-ID Database ရှိ စာရင်းများ ကိုအခြေခံ၍ မဲစာရင်းပြုစုရာတွင် အခြေခံအသုံးပြုရန် အသက် (၁၈)နှစ်နှင့်အထက် မဲစာရင်း များပြုစုကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကိုတင်ပြပြီး ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သို့ တတိယအကြိမ်ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာ တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အသက်(၁၈)နှစ်ပြည့်လာမည့် မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို တွက်ချက်အတည်ပြု ၍ သတ်မှတ်ကာလ များအတိုင်းတင်ပြနိုင်ရေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း။

သန်းခေါင်စာရင်းကောက်ယူရာတွင် လက်ရှိအခြေအနေအရ လုံခြုံရေးနှင့် လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲသည့်ဒေသများအတွက် စာရင်း ကောက်ယူမည့်ကာလ တိုးမြှင့်ကောက် ယူနိုင်ရေးအတွက်လည်း ကြိုတင်မျှော်တွေးဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်မည့် အစီအမံအဆင့်ဆင့်ကို ကြိုတင်တင်ပြကြရန်လည်းလိုကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ် ရေးကိစ္စရပ်များဆောင် ရွက်ရာတွင် နိုင်ငံသားအရည်အချင်းမရှိသူများမပါရှိစေရေး၊ ကိုင်ဆောင်ကတ်ပြား တစ်မျိုး မျိုးရှိသည့် နိုင်ငံသားများကိုသာဆင့်ခေါ်ရေး၊ နေရပ်လိပ်စာမှန် ကန်စေ ရေးတို့အတွက် ဆက်စပ်ဌာနများနှင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် အရေးကြီးသည့် လက်ငင်းဦးစားပေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အောင်မြင်စွာပြီးစီးရေး အတွက် အလေးထား ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို ဝန်ထမ်းအားလုံး သိရှိနား လည်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ် အလိုက် လက်ရှိအခြေအနေတွင် ပန်းခင်းစီမံချက်နှင့် e-ID စနစ်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု၊ မဲစာရင်း မှန်ကန်ရေးနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးတို့အတွက် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းအပေါ် ဌာနမှ ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို လည်းကောင်း၊ အမြဲတမ်း အတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းများ ဆောင်ရွက် နေမှုများအပေါ ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဉ် များကိုလည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီးများက လိုအပ်ချက်များကို ဖြည့်စွက်တင်ပြကြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးပြီး ယခုလုပ်ငန်းစဉ်များသည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်ဆောင်ရွက်ကြရေးနှင့် နယ်မြေဒေသ အခြေအနေနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများအား အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရေး၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်