သိုက်စိုးထွန်း(နတ်ရွာ)

အလှူ၏ကျက်သရေ ဗြောစည်မှာနေ ဆိုတဲ့စကားအရ ထမင်းရည်ချောင်းစီး တစ်သောင်းခရီးက ကြားအောင် မောင်းတီးပြီးလှူဒါန်းကြတဲ့ မြန်မာတို့ရဲ့ ရှင်ပြုနားသအလှူတော် မင်္ဂလာတွေမှာ မင်္ဂလာရွှေဆိုင်းတော်ရဲ့ ဗြောသံ စည်သံတွေ မပါမဖြစ် ထည့်သွင်းတီးမှုတ်စေပြီးတော့ လာသမျှသဟာယတွေကို ဧည့်ခံဖျော်ဖြေလေ့ရှိကြပါတယ်။ အလှူတကာမှာ သူပါမှသာလျှင် ပြည့်စုံတယ်လို့ ဆိုရမလောက်ပါပဲ။ ပကာသနလို့ပဲဆိုဆို၊ အကျယ်ချဲ့တယ်လို့ပဲပြောပြော၊ သပရိဝါရဒါနဆိုတဲ့ပုဒ်အရ အခြံအရံတွေနဲ့ သိုင်းသိုင်းဝိုင်းဝိုင်းဖြစ်အောင် ကျက်သရေမင်္ဂလာရှိလှတဲ့ ရွှေမဏ္ဍပ်ကြီးအလယ်မှာ မှန်စီရွှေချ ရွှေဆိုင်းဝိုင်းတော်ကြီး ဆင်ထားလိုက်မှသာ အလှူရယ်လို့ မည်တယ်လို့ မှတ်ယူပြီးတော့ အလှူတိုင်းနီးပါးမှာ မင်္ဂလာရွှေဆိုင်းတော်ကို ငှားရမ်းဖိတ်ကြားပြီး သာသနာ့ အကိုင်းအခက်အဖြစ် ဆိုင်းဘက်က ဖျော်ဖြေဧည့်ခံပေးဖို့ တာဝန်ပေးလေ့ရှိကြပါတယ်။

ဒီနေရာမှာ တင်ပြချင်တဲ့အတွေးကတော့ မြန်မာ့ဆိုင်းပညာအကြောင်း မဟုတ်ပါဘူး။ ဆိုင်းဘက်မှာလည်း တီးမိခေါက်မိသေးတဲ့သူမဟုတ်ပါဘူး။ တွေးမိတဲ့ အတွေးလေးတွေကို တင်ပြချင်နေတာကတော့ မြန်မာ့ဆိုင်းဝိုင်းကြီးမှာ ပါဝင်တဲ့ အဖွဲ့တော်သားတွေရဲ့ တီးမှုတ်ဧည့်ခံ ဖျော်ဖြေမှုဟန်ပန်လေးတွေကို ဝါသနာရှင် ပရိသတ်တစ်ဦးအနေနဲ့ နားသောတ ဆင်ရာကနေတစ်ဆင့် ဆင့်ပွားဖြစ်ပေါ်လာတဲ့ အတွေးလေးတွေကို တင်ပြမှာပါ

မြန်မာ့ဆိုင်းလောကမှာ ဆိုင်းတော်မင်္ဂလာရယ်ဆိုပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ အမျိုးမျိုးရှိကြပါတယ်။ နာမည်တွေသာကွဲသွားတယ်။ အခြေခံဖြစ်တဲ့ တူရိယာ ပစ္စည်းတွေကတော့  အတူတူချည်းပါပဲ။

တူရိယာတွေ တူကြတယ်ဆိုတော့ ဖျော်ဖြေဧည့်ခံတီးမှုတ်ကြတဲ့ တီးလုံးတွေ၊ သီချင်းတွေကျတော့ မတူတော့ဘူးလားလို့ မေးပြန်ရင်လည်း အားလုံးအားလုံးက ဗြော၊ ရေခင်း၊ ပတ်မချီ၊ ယိုးဒယား၊ ကရောင်းချီ၊ ခုနစ်သံချီ စတဲ့ သမားစဉ်တီးလုံး တွေကိုသာ အဓိကထား တီးမှုတ်ပြီးတော့မှ ကာလပေါ်သီချင်းတွေ၊ အလှူနဲ့ဆီဆိုင်ရာ ဆီဆိုင်ရာ နောက်ထပ်နောက်ထပ် အသစ်အသစ်စပ်ဆိုထားတဲ့ သီချင်းတွေ၊ အသစ်တီထွင်ထားတဲ့ တီးလုံးတွေကို တီးကြမှုတ်ကြတာပါ။ အဓိကအားဖြင့်ကတော့ တီးမှုတ်တဲ့တူရိယာရော၊ တီးမှုတ်တဲ့ တီးလုံးတွေ၊ သီချင်းတွေရော တူကြတယ်လို့ ဆိုနိုင်မှာပါ။

အားလုံး အားလုံးတူနေမှတော့ တစ်ဆိုင်းနဲ့တစ်ဆိုင်း ဘာကွာနိုင်ဦးမလဲ၊ အတူတူပဲ မဟုတ်လားလို့ ပြောစရာရှိပါတယ်။ ဒီလိုမဟုတ်ပါ။ မတူပါဘူး။ လုံးဝမတူ ပါဘူး။ ယုတ်စွအဆုံး ဒီစည်းအတိုင်းထား၊ ဒီအသံပေါက်အတိုင်း ညှိ၊ ဒီသီချင်းအတိုင်း ပဲ ၊ ဒီတီးလုံးအတိုင်းပဲ၊ အားလုံး ထပ်တူဖြစ်အောင် တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းပြီး ဟိုဘက်အဖွဲ့နဲ့ ဒီဘက်အဖွဲ့ ယှဉ်ပြီး တီးကြမှုတ်ကြလေဦးတော့ နားဆင်ရတဲ့ဂီတသံက မတူကြပြန်ပါဘူး။

ဘာတွေမတူကြသလဲ

ဘာတွေမတူကြသလဲ။ ဘာ့ကြောင့် မတူကြသလဲ။

မြန်မာ့ဆိုင်းမှာ ပတ်မကြီးတို့၊ စည်တိုတို့လို အတော်မြည်အောင်တီးလို့ရတဲ့ တူရိယာတွေပါသလို စူးစူးရှရှ မြည်တဲ့နှဲလည်း ပါပါတယ်။ စီစီညံညံမြည်တဲ့ ကြေးတွေ မောင်းတွေလည်းပါပါတယ်။ ဒီတူရိယာတွေ တစ်ပြိုင်တည်း တီးကြ၊ မှုတ်ကြတဲ့အခါမှာ ဘယ်တူရိယာက ဘယ်လောက်သာ မြည်ရမယ်၊ ဘယ်တူရိယာက ဘယ်အချိန်မှာ အဆစ်ကလေး ဝင်ဆစ်လိုက်ရမယ်၊ ဘယ်တူရိယာက ဘယ်နေရာမှာ ရပ်ထားရမယ်၊ ဘယ်တူရိယာက ဘယ်အချိန်မှာ ရုတ်တရက်ဝင်မြည်လိုက်ရမယ် ဆိုတာမျိုးကို ဒီဆိုင်းရဲ့ ဦးစီးဦးကိုင်ဖြစ်တဲ့ ဆိုင်းဆရာက နိုင်နိုင်နင်းနင်း စီမံခန့်ခွဲထားရတာ ဖြစ်ပါတယ်။ တစ်ဖွဲ့လုံးမှာရှိကြတဲ့ အဖွဲ့ဝင်တစ်ယောက်စီ တစ်ယောက်စီဘက်က ထွက်လာမယ့် အသံတွေကို လိုအပ်သလိုထိန်းညှိနိုင်ခြင်း၊ မထိန်းညှိနိုင်ခြင်းအပေါ် မူတည်ပြီးတော့ နားဆင်ရတဲ့ သောတရှင်တွေရဲ့ နားမှာ စွဲတယ်၊ မစွဲဘူးဆိုတာတွေ ကွဲသွားတာဖြစ်ပါတယ်။

ဆိုင်းကောင်းဆိုတာ ဘာကိုခေါ်သလဲလို့ ပြောကြရာမှာ ပါဝင်တဲ့အဖွဲ့သား အားလုံး အဖွဲ့နဲ့ အုံနဲ့ တီးကြ၊ မှုတ်ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖက်နဲ့ တစ်ဖက် အချိတ်အဆက်မိမိ၊ အပေးအယူကောင်းကောင်းနဲ့ စည်းစနစ်တကျ တီးမှုတ်နိုင်တဲ့ဆိုင်းကို ဆိုင်းကောင်းလို့ ခေါ် ကြတယ်လို့ပြောရင် မှန်လိမ့်မယ်ထင်ပါတယ်။ ဒါဆို ဆိုင်းအဖွဲ့မှာပါတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ အနုပညာအရည်အချင်းကရော အရေးမကြီးတော့ဘူးလားလို့ မေးနိုင်ပါတယ်။ ဒါလည်း အရေးကြီးပါတယ်။ သိပ်ကိုအရေးကြီးပါတယ်။ ဒီပတ်လုံးတွေကို ဒီပတ်စာကပ်ပြီး ဒီသီချင်းတီးတာချင်းအတူတူ သူတီးတော့ အသံတစ်မျိုး၊ ကိုယ်တီးတော့ အသံတစ်မျိုး။ ထွက်လာပုံချင်းက မတူ။ လက်ကျမတူ၊ အတွဲအဖက်မတူ၊ အဖိအဖော့ မတူ။ “ချို၊ ကြည်၊ မြည်၊ သာ ဤလေးဖြာ၊ အင်္ဂါဟူ၍ မှတ်” တဲ့။ လက်သံက ချိုလည်းချို၊ ကြည်လည်းကြည်၊ မြည်လည်းမြည်၊ သာလည်းသာဆိုတဲ့ အင်္ဂါလေးပါးလုံးပြည့်စုံအောင် တီးနိုင်ဖို့က ခက်ခဲပါဘိခြင်း။ ဒါ့ကြောင့် တစ်ဦးချင်းရဲ့ အရည်အချင်းတွေကလည်း သိပ်ကို အရေးကြီးတယ်လို့ ပြောရမှာပါ။

ဒါပေမယ့် ဆိုင်းတော်မင်္ဂလာမှာတော့ တစ်ဦးချင်းစီရဲ့ အရည်အချင်းတွေ တောက်ပြောင်နေရုံနဲ့ ဆိုင်းကောင်းတစ်ခုဖြစ်မလာပါ။ ဘာ့ကြောင့်လဲဆိုတော့ တီးတဲ့သီချင်းအပေါ်မှာ ရှေ့က ဦးဆောင်ခေါ်သွားတဲ့ ဝိုင်းဆရာက ဒီအတွဲအဖက်ကလေးနဲ့ ဒီလိုလေး ဆစ်လိုက် ပိတ်လိုက်ချင်ပါတယ်လို့ ပြောနေပေမယ့် နောက်ကနှဲကလည်း သူမှုတ်ချင်သလို၊ သူကောင်းမယ်ထင်သလို နင်းကန်မှုတ်နေမယ်၊ ပတ်မကြီးကလည်း ဒီသီချင်း ဒီအဆစ်ကလေးနဲ့ ချိုးထားတာကမှ အမှန်ဆိုပြီး သူချိုးချင်သလိုချိုးနေမယ်၊ စည်တို သမားကလည်း စိတ်ပါတဲ့အခါ ပေါက်ထွက် မတတ်ရိုက်လိုက်၊ ငိုက်မြည်းသွားတဲ့အခါ လက်ထဲကတုတ်လွတ်ကျတော့မလိုမျိုး မြည်တယ်ဆိုရုံလေး စိတ်မပါ့တပါရိုက်လိုက်၊ ကြေးသမား၊ မောင်းသမားတွေကလည်း သူတို့ စိတ်ထဲရှိတဲ့အတိုင်း တီးနေလိုက်ဆိုရင်တော့ ဘယ်လိုမှအဆင်ပြေမှာ မဟုတ်ပါဘူး။

တစ်ကိုယ်တော်တော်တဲ့ လူတော်တွေချည်း စုတီးကြတာတောင်မှ တစ်ခါတစ်ခါကျတော့ သိပ်အဆင်မပြေလှဘူး။ အချိတ်အဆက်၊ အတွဲအဖက်ကလေးတွေက လိုလိုနေသလိုပဲ။ သူ့တစ်ယောက်တည်း တစ်ကိုယ်တော် တီးတာတော့ ဟုတ်နေတာပဲ။ အဖွဲ့လိုက်တီးတော့မှ ကသောင်းကနင်းတွေ ဖြစ်ကုန်တယ်။ လူတော်တို့ရဲ့ ဓမ္မတာရ တော်ကြောင်းတတ်ကြောင်း ပြချင်တဲ့အခါကျတော့ အဖွဲ့လိုက်ထွက်လာတဲ့အသံ ချို၊ ကြည်၊ မြည်၊ သာ ဖြစ်ရေး၊ မဖြစ်ရေးထက် ကိုယ့်လက်စွမ်းကို ပြနိုင်ရေးကိုသာ အားခဲစိုင်းပြင်း နေမိတတ်ပါတယ်။ ဒီပွဲမှာ နှဲကဖြင့် သိပ်မမြည်ဘူး ဆိုတာမျိုးကို လုံးဝအပြောမခံနိုင်ဘူး။ ဒီတစ်ခါတော့ဖြင့် မောင်းသမားက ပျော့လိုက်တာကွာ ဆိုတာမျိုးကို ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီတော့ ဘယ်သူတွေ ဘယ်လိုတီးတီး ကိုယ့်လက်သံ မကျသေးကြောင်းသာ ပြနိုင်ဖို့က အရေးကြီးနေတယ်ဆိုပါတော့။ ဒီလိုဒီလိုတွေ တီးနေ မှုတ်နေကြမှတော့ သောတရှင်အတွက် နားဝင်ပီယံဖြစ်တဲ့ သံစဉ်တစ်ခု ငြိမ့်ငြိမ့်ညောင်းညောင်း ပေါ်ထွက်မလာတာက မဆန်းတော့ပါဘူး။

ဝိုင်းတော်တီးရဲ့ အရည်အချင်း

ဒီတော့ ဘာအရေးကြီးသလဲဆိုတော့ ဝိုင်းဆရာပါပဲ။ ဝိုင်းဆရာက သူတီးမယ့် သီချင်း၊ သူဖျော်ဖြေမယ့် တီးလုံးမှာ ဒိုးချောင်က ဘယ်လောက်သာမြည်ရမယ်၊ ကြေးနောင်က ဘယ်ရွေ့ဘယ်မျှသာ မြည်ရမယ်၊ နှဲက ဘယ်အသံအထိမှုတ်ရမယ် ဆိုတာကို စီမံကွပ်ကဲပေးနိုင်ရမှာပါ။ သူ့ရဲ့ စီမံခန့်ခွဲမှုအရည်အချင်းအပေါ်မှာ မူတည် ပြီးတော့ပဲ တစ်ဆိုင်းလုံးရဲ့အသံက ပြောင်းလဲသွားတတ်ပါတယ်။

သူကိုယ်တိုင်ကလည်း သူ့ဝိုင်းကိုသူ ဘယ်လက်ကျ၊ ညာလက်ကျ၊ ပတ်ဖျား၊ ပတ်ရင်း ပိုင်ပိုင်နိုင်နိုင်တီးနိုင်ရပါမယ်။ တီးလုံးတစ်ပုဒ်ကနေတစ်ပုဒ်၊ သီချင်းတစ်ပုဒ် ကနေ တစ်ပုဒ် ပြောင်းတဲ့အခါမှာ ကျွမ်းကျွမ်းကျင်ကျင် မြန်မြန်ဆန်ဆန်နဲ့ ပတ်စာ ရေစာ အပြောင်းအလဲလုပ်နိုင်ရပါမယ်။ ပတ်စာအပြောင်းအလဲ ကြာတတ်လွန်းသူ တွေအတွက်ကတော့ ကြားကာလမှာ ပရိသတ်မငြီးငွေ့အောင် ဆိုင်းနောက်ထတွေက ပြက်လုံးရှည်ရှည်နဲ့ အရွှန်းဖောက်နေရပါတယ်။ ရှေ့ကဆရာ ပတ်စာရေစာ ပြင်လို့ဆင်လို့လည်းပြီးရော၊ ပြက်လုံးခွင်လည်းပြီးရော အံကိုက်အောင် ဆောင်ရွက် ထားလိုက်ပါတယ်။ ဒါသည်ပင်လျှင် ဆိုင်းဆရာရဲ့ အရည်အချင်းလို့ ပြောရမှာပါပဲ။ ဒါတင်မက တီးနေရင်းတန်းလန်းကလည်း ကိုယ့်အဖွဲ့မှာဖြင့် ဘယ်ဘက်က ဘာသံတွေ အကျယ်ကြီး ထွက်နေတယ်၊ ဘယ်ဘက်က ဘာသံကဖြင့်လိုနေတယ်၊ ဘယ်သူတီး လိုက်တာကဖြင့် ဘယ်နှချက်ပိုသွားတယ် ဆိုတာတွေကို နားကစွင့်ထားရပါတယ်။ အားနည်းချက်၊ ချွတ်ယွင်းချက်ကို ကြားလိုက်တာနဲ့ မျက်ရိပ်မျက်ခြည် လှမ်းပြပြီး သူ့အမှားကိုပြင်စေရပါတယ်။ အဲဒီလိုကွပ်ကဲနိုင်ဖို့ဆိုတာကလည်း လုံးဝဥဿုံမဟုတ် တောင်မှ တစ်ဆိုင်းလုံးက တူရိယာတွေကို ဘယ်ဟာကဘယ်လိုတီးမှုတ်မှ ဘယ်လို အသံထွက်တယ်ဆိုတာကို လေ့လာလိုက်စားထားမှသာ နိုင်နိုင်နင်းနင်း ကွပ်ကဲနိုင် တာဖြစ်ပါတယ်။ တစ်ပွဲတိုး နှစ်ပွဲတိုး တီးလုံးတိုက်ပြီး ဝိုင်းဆရာ အမည်ခံထားရင်တော့ အဆင်မပြေပါဘူး။ ဒါ့ကြောင့် ဝိုင်းတော်တီးရဲ့အရည်အချင်း အရေးကြီးတယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။

ဆိုင်းဆရာရဲ့အရည်အချင်းက အရေးကြီးတယ်ဆိုပေမယ့် သူတစ်ယောက်တည်း ကောင်းနေလို့ကလည်း မဖြစ်သေးပါဘူး။ အဖွဲ့သားအားလုံးကလည်း လိုအပ်တဲ့ ပညာရည်တွေ ပြည့်ဝနေဖို့လိုသလို ကိုယ်ထင်ရာကိုယ် တီးလိုက်မဟဲ့ဆိုတဲ့ သဘောမျိုး တွေ ပယ်ရှားပြီးတော့ ဆိုင်းဆရာပြတဲ့အသံအတိုင်းလိုက်တီးမှုတ်နိုင်ရမှာပါ။ ဆရာညွှန်ကြားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာဖို့လိုဦးမှာပါ။

အဿ၊ ဂေါဏော၊ ဥသြ၊ ဆိတ်၊ ဆင်၊ ဥဒေါင်း၊ ကြိုးကြာဆိုပြီး သံစဉ်ခုနစ်ဖြာ ရှိတဲ့အနက်က ဆရာ အခုတီးနေတာက ငါးပေါက်သံလား၊ ခြောက်ပေါက်သံလား၊ အပိုးသံလားဆိုတာကိုလည်း နားစွင့်ထားဖို့လိုမှာပါ။ တီးလုံးတစ်ခုမစခင်မှာ ရှေ့က အသံစမ်းပြနေတုန်းကတည်းက ဒါဘာသံလဲ၊ ဘယ်အသံကို ကူးတော့မှာလဲဆိုတာကို ရိပ်မိလိုက်ရတော့မှာပါ။ ကိုယ့်တူရိယာကိုလည်း အဲ့ဒီအသံနဲ့ ကိုက်အောင်လိုက်ပြီး တီးနိုင်မှုတ်နိုင်ရတော့မှာပါ။ အပေးအယူ၊ အချိတ်အဆက်မိတဲ့ ဆိုင်းတွေဆိုရင် မြည်သင့်တဲ့နေရာမှာ၊ မြည်သင့်တဲ့တူရိယာတွေက၊ မြည်သင့်သလောက် မြည်ကြပြီးတော့ ရပ်သင့်တဲ့နေရာရပ်၊ ဖြတ်သင့်တဲ့နေရာဖြတ်၊ ထပ်သင့်တဲ့နေရာထပ်၊ တွဲသင့်တဲ့နေရာ တွဲ၊ ခွဲသင့်တဲ့နေရာခွဲပြီး ထံတျာသဘင်ပွဲကြီး ဆင်နွှဲနေလိုက်ကြတာများ သောတဆင်ရသူအပေါင်း နားဝင်ငြိမ့်ညောင်းလွန်းလို့ ညဉ့်နက်လို့ ဆိုင်းသိမ်းပါရ စေလို့တောင်းပန်တာတောင် ထတောင်မပြန်နိုင်ကြလောက်အောင် ဖြစ်ကြရပါတယ်။

စံနမူနာယူဖွယ်ရာဖြစ်

အနုပညာနယ်ပယ်မဟုတ်တဲ့ စီးပွားရေးလုပ်ငန်း၊ စီမံခန့်ခွဲရေးလုပ်ငန်း စတဲ့ လုပ်ငန်းမျိုးစုံ၊ ကဏ္ဍမျိုးစုံမှာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့နဲ့ အုံနဲ့ကျင်းနဲ့ စုပေါင်းလုပ်ကိုင်ကြရတာမျိုးတွေ အများကြီးရှိပါတယ်။ ဒီလို စုပေါင်းဆောင်ရွက်ရတဲ့ သူတွေအတွက် မြန်မာ့ဆိုင်းရဲ့ အဖိ၊ အဖော့၊ အခံ၊ အအုပ် ချိတ်ဆက် အလုပ်လုပ်သွားပုံ လေးတွေဟာ တကယ့်ကို စံနမူနာယူဖွယ်ရာဖြစ်နေပါတယ်။

တချို့ကျတော့လည်း လူတော်ကရှားတယ်။ သာမန်သူလို ကိုယ်လိုအရည်အချင်းမျိုးတွေသာ ပိုင်ဆိုင်ထားတဲ့သူတွေက ခပ်များများ။ ရှေ့ကသွားတဲ့သူက တော်တယ် ဆိုပါစို့။ ဒါဆိုရင်လည်း ပွဲနားချိန်တွေမှာ ကိုယ့်အဖွဲ့သားတွေကို လေ့ကျင့်ပျိုးထောင် ပေးရမှာပါ။ ပွဲမဝင်ခင် အပြင်ကကျင်းပမှုတွေ အများကြီးလုပ်ပေးရမှာပါ။ ဒါမှသာ တကယ့်ပွဲထဲမှာ အရှက်ကွဲရမယ့် အဖြစ်တွေ နည်းနိုင်သမျှ နည်းသွားမှာပါ။

လူတော်တွေနည်းတဲ့ အဖွဲ့အစည်းမို့လို့ မအောင်မြင်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဆရာမြို့မငြိမ်းဟာ မြို့မ အပျော်တမ်းတူရိယာအဖွဲ့ကြီးကို စတင်တည်ထောင်တော့ တချို့ဆို အခြေအနေက တော်တော့်ကိုဆိုးတယ်လို့ သိရပါတယ်။ ဒီတစ်ယောက်ချင်း တစ်ယောက်ချင်းစီကို ဆရာငြိမ်းက စိတ်ရှည်လက်ရှည်နဲ့ သင်ကြားလေ့ကျင့်ပေးခဲ့ လိုက်တာ မြို့မအသင်းကြီး ဘယ်လောက်တောင် အောင်မြင်ခဲ့သလဲ၊ ဘယ်လောက်တောင် ပြည်သူ့အသည်းစွဲ ဖြစ်နေပြီလဲဆိုတာကို အားလုံးအသိဖြစ်ပါတယ်။ ဒါ့ကြောင့် အဖွဲ့သားတွေ အစပိုင်းမှာ ညံ့နေသေးရင်လည်း စိတ်ပျက်စရာတော့မရှိပါဘူး။ စိတ်ရှည်လက်ရှည် သင်ကြားပြသပေးဖို့သာ လိုပါတယ်။

ဆိုင်းမှာ တစ်ကိုယ်တော် လက်ကောင်းပါလျက်နဲ့ ဆိုင်းထောင်ဆရာက ကပ်စေးနှဲ လို့ဖြစ်စေ၊ ကိုယ့်ဒေသမှာ သဘင်သည်ရှားလို့ပဲဖြစ်စေ တော်စွလျော်စွလောက် တီးတတ်မှုတ်တတ်တဲ့ သူလေးတွေကို ခြေကောက်လိုက်ခေါ်ပြီး မင်းကတော့ ဒါလေး မှုတ်ကွာ၊ မင်းကတော့ ဒါလေးတီးကွာ ဆိုတာမျိုးလေးတွေနဲ့သာ အဖွဲ့မည်ရုံလောက် ကောက်ဖွဲ့ထားတတ်တဲ့ ဆိုင်းတွေရှိတတ်ပါတယ်။ ဒီဆိုင်းတွေမှာ တစ်ကိုယ်တော် လက်စွမ်းပြမှာ ဘယ်လောက်လှအောင် တီးနိုင်ဆိုနိုင်ပေမယ့် အဖွဲ့လိုက်တီးမှုတ်ရတဲ့ တီးလုံးတီးကွက်တွေမှာကျတော့ ဝါးလက်ခုပ်ကလေးက တစ်ချက်ပိုတီးမိလိုက်၊ နှဲကလေးက တတီတိတိဆိုပြီး တိရမယ့်ဟာကို မတိနိုင်ဘဲ သံရှည်ဆွဲပြီး တစ်ယောက် တည်း တီခနဲသံရှည်ဆွဲကျန်နေခဲ့လိုက်၊ ဒိုးဆစ်ဆစ်ရမယ့်နေရာမှာ မဆစ်တတ်တဲ့ ဒိုးသမားက လက်ကြီးတစ်မြှောက်မြှောက်နဲ့ ကျန်နေခဲ့လိုက်နဲ့ဆိုတော့ ဟိုကဟာ၊ ဒီကဟာတွေဖြစ်ကုန်တတ်ပါတယ်။

လက်တွေ့လုပ်ငန်းခွင်

ဒီလိုပါပဲ။ ရှေ့က ခေါင်းတွဲက အားနဲ့အင်နဲ့ဆွဲနေပါလျက်နဲ့ နောက်ကကုန်တွဲ၊ လူစီးတွဲတွေက ဘီးတွေ ချော်လိုချော်၊ ဝင်ရိုးတွေ သံချေးကိုက်ပြီး ကျပ်လို ကျပ်ဖြစ် နေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ရထားတွဲကိုယ် အပြန်ပြန် အလှန်လှန် စစ်ဆေးရဦးမှာ ဖြစ်ပါတယ်။ ဘယ်နေရာက အလိုင်းမင်းတွေအောက် နေသလဲ၊ ဘယ်နေရာက ရွဲ့နေသလဲ၊ ဘယ်နေရာမှာ အမဲဆီထည့်ပေးဖို့လိုသလဲ၊ ဘယ်အတွဲနဲ့ ဘယ်အတွဲက အချိတ်အဆက် မမိဖြစ်နေသလဲ ဆိုတာမျိုးတွေကို သေသေချာချာကြည့်နိုင်ရမှာပါ။ ဒါမှသာ ဒီရထားတစ်စင်းလုံး ချောချောမွေ့မွေ့ ခရီးနှင်နိုင်မှာပါ။ ဘယ်လိုမှ ဆွဲသွားလို့ မရတော့မယ့်အတွဲတွေကိုတော့ နီးစပ်ရာ ဘူတာမှာ ဖြုတ်ချထားခဲ့ရမှာပါပဲ။ ဒီလိုမဟုတ်ဘဲ နောက်တွဲတွေကို လှည့်မကြည့်ဘဲ ရှေ့ကိုချည်း အရှိန်တင်ပြီး ဇွတ်မောင်းနေပြန်ရင်လည်း နောက်တွဲတွေကြောင့် လမ်းချော်ကုန်တတ်ပါတယ်။

တင်စားညွှန်းဆိုနေရမယ်ဆိုရင်တာ့ ခိုင်းနှိုင်းစရာတွေက အများကြီးရှိနေဦးမှာ ပါပဲ။

အဓိကကတော့ လက်တွေ့လုပ်ငန်းခွင်ဆိုတဲ့ ဆိုင်းတော်မင်္ဂလာကြီးထဲမှာ ကိုယ်က ဘယ်နေရာကနေ တီးမှုတ်နေသလဲ၊ ကိုယ်ကိုင်ထားတဲ့ တူရိယာကဘာလဲ၊ ကိုယ့်အဖွဲ့ ကြီး အခုတီးမှုတ်နေတဲ့ သီချင်းက ဘာသီချင်း၊ ဘာတီးလုံးလဲ၊ ဘယ်အသံ ပေါက်နဲ့တီးနေသလဲ၊ ကိုယ့်တူရိယာက ဘယ်အချိန်မှာ ဝင်တီးရမှာလဲ၊ ဘယ်အချိန် အဆလောက်အထိ တီးလိုက်ဖို့လိုသလဲ၊ ဘယ်လောက်မြည်ဖို့လိုသလဲ၊ တိုးရမယ့် အချိန်လား၊ ကျယ်ရမယ့်အချိန်လား၊ ခြေဆင်းကို ဘယ်လိုတောပေးရမလဲ စသည်အားဖြင့် ကိုယ့်အပိုင်းအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ တီးမှုတ်ပေးနိုင်ဖို့ လိုပါတယ်။ လိုအပ်တဲ့နေရာ၊ လိုအပ်တဲ့အချိန်မှာ၊ လိုအပ်သလို ပံ့ပိုးတီးမှုတ်ပေးနိုင်ဖို့လိုပါတယ်။ ပိုလို့လည်းမရဘူး၊ လိုလို့လည်းမရပါဘူး။

သဘင်သည် သဘင်သည်နဲ့ အမြင်လွယ်ပေမယ့် တကယ်လုပ်တော့ အဟုတ် ခက်ပါသတဲ့။ ပြောလို့သာပါ။ ဘယ်နယ်ပယ်ဖြစ်ဖြစ် သူ့နေရာနဲ့သူတော့ ခက်ခဲကြတာ ချည်းပါပဲ။ ဒါ့ကြောင့် ကိုယ့်အတွက်နဲ့ ကိုယ့်တစ်ဖွဲ့သားလုံးတီးမှုတ်နေတဲ့ ဂီတသံစဉ်ကြီး အရသာမပျက်ရစေရေးအတွက် ဘယ်အရာကိုမှ ခပ်ပေါ့ပေါ့ သဘောမထားဘဲနဲ့ ကိုယ့်နယ်ပယ်နဲ့ကိုယ် ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာဆည်းပူးထားပြီးတော့ လိုအပ်တဲ့ အချိန်မှာ လိုအပ်သလို၊ လိုတဲ့အသံအတိုင်း တီးမှုတ်ပံ့ပိုးပေးနိုင်ကြပါစေလို့.........။

မြန်မာ့အလင်း