စလင်း  သြဂုတ်  ၁
မကွေးတိုင်းဒေသကြီး  စလင်းမြို့နယ်တွင်  ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းများ  မြစ်ရေ ဝင်ရောက်သဖြင့် စာသင်ကျောင်း(၃၄)ကျောင်းအား  ယာယီပ်တ်ထားခဲ့ရာမှ  စာသင်ကျောင်း (၁၅)ကျောင်းအား ယနေ့ သြဂုတ် ၁ ရက် နံနက်ပိုင်းတွင်  ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူများ  ဆက်လက်ပညာသင်ကြား လျက်ရှိကြောင်း  သိရသည်။

စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးနှင့်  ထိစပ်သည့်ကျေးရွာများနှင့်  မြေနိမ့်ပိုင်းကျေးရွာများ၌ မြစ်ရေဝင်ရောက် မှုကြောင့်  အခြေခံပညာကျောင်းပေါင်း (၃၄)ကျောင်းကို ဇူလိုင် ၁၅ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ရာ  ဇူလိုင် ၃၁ ရက်နေ့တွင် စာသင်ကျောင်း (၈)ကျောင်း၊ ယနေ့ ဩဂုတ် ၁ ရက်နေ့တွင် စာသင်ကျောင်း ၇ ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့ သဖြင့် စုစုပေါင်း ကျောင်း (၁၅) ကျောင်းအား ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများနှင့် ကျေးရွာပြည်သူများက  ရွှံ့နွံများ၊ အမှိုက်သရိုက်များအား စုပေါင်းရှင်းလင်းခဲ့ကြပြီး ကျန်ရှိနေသေးသည့် အခြေခံပညာ  ကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ  သိရသည်။

ယနေ့ထပ်မံ ဖွင့်လှစ်ခဲ့သည့် စာသင်ကျောင်းများမှာ မူလွန်ရေနား၊ မူလွန်ကြူတော၊ အမကညောင်ငုတ်တို၊ အမကအရှေ့သစ်ကိုက်၊ အမကအနောက်သစ်ကိုက်၊ အမကဇီးကုန်းနှင့် အမကပေါက်လေးပင်ကျောင်းတို့  ဖြစ်သည်။
(မောင်လွင်)စလင်း