ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၇,၀၀၀)ဧကရှိသောနယ်မြေကို “မိုင်းဟဲကြိုးပြင် ကာကွယ်တော”အဖြစ် ၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်) မှစ၍ သတ်မှတ်လိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန်၊ ဒေသမျိုးရင်းတိရစ္ဆာန်များ၏ မူရင်းဒေသတိုးပွါးလာစေရန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်၊ ဒေသခံများ၏ စိုက်ပျိုးရေးနှင့် သောက်သုံးရေအတွက် သဘာဝရေထွက်များ ရေရှည် တည်တံ့စေရန်နှင့် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါသည်။
မိုင်းဟဲကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့် ပေါက်ရောက်လျက်ရှိသော ပျဉ်းမ၊ စကားစိမ်း၊ ရေမနေ၊ သစ်ချ၊ သစ်အယ်၊ လောက်ယား၊ ဇီးဖြူ၊ ဖက်ဝန်း၊ ရုံး၊ ဖန်ခါး၊ ဒီဒူး၊ အုံတုံ စသည့် ဒေသမျိုးရင်း သစ်မျိုးများကို ထိန်းသိမ်းနိုင်မည့်အပြင် နေထိုင်ကျက်စားလျက်ရှိသော ရှားပါးသည့် ဒေသမျိုးရင်း မျောက်ညို၊ ဂျီ၊ တောင်ဆိတ်၊ ဝက်၊ မျောက်စပ်၊ ဖြူ၊ တောကြောင်၊ တောကြက်၊ ရစ်၊ ဒေါင်းအမျိုးမျိုး၊ ငှက်အမျိုးမျိုး၊ လိပ် စသည့် တောရိုင်းတိရစ္ဆာန်များ ကျက်စားရာဒေသ တိုးပွားလာနိုင်ခြင်း၊ မှီတင်း နေထိုင်ကြသော တောရိုင်းတိရစ္ဆာန်များ၏ ဂေဟစနစ်ကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သဘာဝရေထွက် စိမ့်စမ်းများကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သစ်တောဖုံးလွှမ်းမှု ပိုမိုကောင်းမွန်လာပြီး ရာသီဥတုမျှတ သာယာခြင်း၊ ဒေသခံပြည်သူများအတွက် သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ ပိုမို ရရှိစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန


