ထွန်းသစ်စ
ဆီးရီးယားနိုင်ငံမှာ ကာ့ဒ်တပ်ဖွဲ့တွေ ဦးဆောင်တဲ့တပ်ဖွဲ့ဝင်တွေဟာ ထိုးစစ်မဆင်နွှဲခင် အိုင်အက်စ်အကြမ်းဖက်သမားတွေ နောက်ဆုံးခြေကုပ်ယူထားတဲ့ ဒေသမှာရှိတဲ့ ပြည်သူတွေကို ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရေး ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။ အိုင်အက်စ်တွေကို ထိုးစစ်မဆင်ခင်မှာ အခုလိုလုပ်ဆောင်ခြင်းဟာ ပြည်သူတွေထိခိုက်မှာကို မလိုလားတဲ့ သဘောပဲဖြစ်ပြီး အဆုံးမှာတော့ အိုင်အက်စ်အကြမ်းဖက်သမားတွေကို ပဝါမကူရေမရှူဘဲ အပြုတ်တိုက်တော့မှာ ဖြစ်ပါတယ်။ အိုင်အက်စ် အကြမ်းဖက်သမားတွေမရှိမှပဲ ဆီးရီးယားနိုင်ငံမှာရှိတဲ့ ပြည်သူတွေအနေနဲ့ စိတ်သက်သာရာရမှာဖြစ်သလို ကမ္ဘာကြီးအတွက်လည်း ဆူးငြောင့်ခလုတ်တွေ ရှင်းသွားပြီး ငြိမ်းချမ်းသာယာမှုတွေ လွှမ်းမိုးလာမှာဖြစ်ပါတယ်
အိုင်အက်စ်လို့ လူသိများတဲ့ အကြမ်းဖက်အစွန်းရောက် ဂျီဟတ် များဟာ သူတို့သိမ်းပိုက်ထားတဲ့ ဆီးရီးယားနဲ့ အီရတ်နယ်မြေ တစ်နံတစ်လျားမှာ အစွန်းရောက်စစ်ပွဲ ဆင်နွှဲမယ်လို့ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇွန်လက ကြွေးကြော်ခဲ့ပေမယ့်လည်း တကယ်တော့သူတို့ဟာ အဲဒီအချိန် ကတည်းကစပြီး နယ်မြေတစ်ခုပြီး တစ်ခု ဆုံးရှုံးခဲ့ပါတယ်။
သိမ်းပိုက်ခဲ့
၂၀၁၄ ခုနှစ် ဇွန် ၂၉ ရက်မှာ အီရတ်နဲ့ မြေထဲပင်လယ် အရှေ့ဘက် ကမ်းခြေရှိ နိုင်ငံတွေကို အဘူဘာကာ အယ်လ်ဘက်ဂက်ဒါဒီ ဦးဆောင်တဲ့ အိုင်အက်စ်အကြမ်းဖက် အစွန်းရောက် ဂျီဟတ်များက အစွန်းရောက်စစ်ပွဲ ဆင်နွှဲမယ်လို့ကြေညာခဲ့ပါတယ်။ အိုင်အက်စ်တို့ဟာ ဇန်နဝါရီလမှာ ဆီးရီးယားမြောက်ပိုင်း မြို့တော်ရက်ဂွါကို သူပုန်တွေ လက်ထဲက သိမ်းယူခဲ့ပါ တယ်။ ထို့အတူပဲ အိုင်အက်စ်တို့ဟာ အီရတ်နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်လျက် ရှိတဲ့ ဆီးရီးယား နိုင်ငံအရှေ့ပိုင်းပြည်နယ် ဒယ်ရာအယ်ဇာကိုလည်း ထိန်းသိမ်းခဲ့သလို မြောက်ပိုင်းပြည်နယ် အလက်ပိုကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။
အီရတ်နိုင်ငံမှာလည်း အိုင်အက်စ် အစွန်းရောက်အဖွဲ့ဟာ မိုဆူးလ်နဲ့ ဆွန်နီ အာရပ်နယ်ပယ်တွေကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။ ဒီဆွန်နီအာရပ်နယ်ပယ်တွေဟာ ကာ့ဒ်ဒေသနဲ့ နယ်စပ်ချင်း ထိစပ်လျက်ရှိပါတယ်။
အဲဒီအချိန်တုန်းက အီရတ်တပ်ဖွဲ့ ဝင်တွေဟာလည်း အိုင်အက်စ်တို့ကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် အိုင်အက်စ်အဖွဲ့ဟာ ရက်ဂွါနဲ့ မိုဆူးလ်တို့ကို သူတို့ရဲ့ မြို့တွေအဖြစ် သိမ်းပိုက်စိုးစံခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။
ဇူလိုင်လမှာတော့ အိုင်အက်စ် ခေါင်းဆောင် အဘူဘာကာအယ်လ် ဘက်ဂက်ဒါဒီက ဂျီဟတ်ဝက်ဘ်ဆိုက် ကလွှင့်တင်ခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ နေရာ တိုင်းမှာရှိတဲ့ မွတ်စလင်တွေ သူ့ကို လေးစားလိုက်နာဖို့ တိုက်တွန်းခဲ့ပါ တယ်။
ရက်စက်မှုများ
ရက်ဂွါမှာ အိုင်အက်စ်တွေဟာ ခေါင်းဖြတ်သတ်ခြင်း၊ ကွပ်မျက်ခြင်း၊ မုဒိမ်းမှုကျူးလွန်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်း စတာတွေ ကိုကျူးလွန်ပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်ပါဘူး။ တခြား ရက်စက်မှုမျိုးစုံကိုလည်း ကျူးလွန်ခဲ့ကြပါတယ်။
တစ်ခါတစ်ရံမှာ ရုပ်သံဖိုင်၊ ဗီဒီယို တွေကနေတစ်ဆင့် ဝါဒဖြန့်မှုတွေလုပ် ဆောင်လေ့ ရှိပါတယ်။ ဒီရုပ်သံဖိုင်တွေ၊ ဗီဒီယိုတွေဟာ ဂျီဟတ်တွေရဲ့ ဝါဒဖြန့်ရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။ အီရတ်နိုင်ငံမှာလည်း အိုင်အက်စ်အုပ်စုဟာ ဆင်ဂျာဒေသတစ်ခုက ရာဇီဒီလူနည်းစုကို နိုင်ထက်စီးနင်းလုပ်ပြီး အမျိုးသားလေးတွေဆို အိုင်အက်စ်တပ်ဖွဲ့ဝင်တွေ အတင်းအကျပ် လုပ်ခိုင်းတာ၊ အမျိုးသမီး တွေဆိုရင်လည်း လိင်ကျွန်တွေအထိ လုပ်ခိုင်းပါတယ်။
ဂျီဟတ်ဆန့်ကျင်မဟာမိတ်များ
၂၀၁၄ ခုနှစ် သြဂုတ်လမှာ အမေရိကန် စစ်လေယာဉ်တွေက အီရတ်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ အိုင်အက်စ်တွေရဲ့ ခြေကုပ်ယူရာနေရာတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံ ၇၀ ကျော်ပါဝင်တဲ့ မဟာမိတ်တပ်ဖွဲ့ကို ဖွဲ့စည်းကာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ်တွေကို နှိမ်နင်းတိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်ဟာ အိုင်အက်စ်တွေကို နှိမ်နင်းဖို့ တပ်ဖွဲ့ဝင် ၅၀ဝ၀ လောက်အထိ ဖြန့်ကြက်ချထားတာတွေ ရှိခဲ့ပါတယ်။
ဆီးရီးယားမှာအိုင်အက်စ်တွေကို အနိုင်ယူခြင်း
အမေရိကန်လေကြောင်း ထောက်ပံ့မှုတွေနဲ့အတူ ကာ့ဒ်တပ်ဖွဲ့ဟာ ဇန်နဝါရီ ၂၀၁၅ ခုနှစ်မှာ တူရကီနယ်စပ် ကိုဘိန်းမြို့က ဂျီဟတ်တွေကို မောင်းထုတ်နိုင်ခဲ့ပါတယ်။ သြဂုတ်လ ၂၀၁၆ ခုနှစ်မှာ အမေရိ ကန်ထောက်ခံ ကာ့ဒ်-အာရပ် မဟာမိတ် လို့လူသိများတဲ့ ဆီးရီးယားဒီမိုကရက် တစ်တပ်ဖွဲ့ (အက်စ်ဒီအက်ဖ်) အဖွဲ့ဟာ အလက်ပိုပြည်နယ်ထဲက မန်ဘစ်ချ်ကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
တူရကီတင့်ကားတွေရဲ့ ပစ်ကူမှုနဲ့အတူ လေကြောင်းတိုက်ခိုက်မှုပါအားဖြည့် ပံ့ပိုးပေးလိုက်တဲ့အချိန်မှာ အက်စ်ဒီအက်ဖ်အဖွဲ့ဟာ ဂျာရာဘူလက်စ် ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာတော့ အလက်ပို ပြည်နယ်ထဲက အယ်လ်ဘတ်ဒေသ ကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မတ်လ ၂၀၁၇ ခုနှစ်မှာလည်း ရုရှား ဂျက်လေယာဉ်တွေရဲ့ ပစ်ကူမှုနဲ့အတူ ဆီးရီးယားတပ်ဖွဲ့ဟာ ပါမာရာမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီမြို့ဟာ ဆိုရင် ရှေးဟောင်း အထင်ကရမြို့တော် တစ်ခု ဖြစ်ပါတယ်။
အဲဒီလို ယဉ်ကျေးမှုအမွေတွေ ထွန်းကားခဲ့တဲ့ မြို့တော်ဟာ အိုင်အက်စ်တို့ရဲ့ လက်အောက်မှာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်ခဲ့ပါတယ်။
အောက်တိုဘာ ၂၀၁၇ ခုနှစ်မှာ အက်စ်ဒီအက်ဖ်တပ်ဖွဲ့ဟာ ရက်ဂွါ မြို့တော်ကို အပြည့်အဝ ပြန်လည်သိမ်း ပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အီရတ်မှာ အိုင်အက်စ်တွေကို အနိုင်ယူခြင်း
၂၀၁၅ ခုနှစ် မတ်လမှာ အီရတ်ဟာ မြို့တော် ဘဂ္ဂဒက်မြောက်ပိုင်းမှာရှိတဲ့ ဆက်ဒမ်ရဲ့ မွေးရပ်မြေတီကရစ်ကို အိုင်အက်စ်လက်က လွတ်မြောက်ရာမြို့တော်အဖြစ် ကြေညာခဲ့ပါတယ်။ နိုဝင်ဘာလမှာ မဟာမိတ်တပ်တွေဟာ ဆင်ဂျာ မြို့ကို ပြန်လည်ရရှိခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ အန်ဘာပြည်နယ် မြို့တော်ရာမဒီကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး အီရတ်တပ်ဖွဲ့တွေဟာ ဖလူဂျာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ အီရတ်ဝန်ကြီးချုပ် အယ်လ် အာဘာဒီက ကိုးလကြာ ထိုးစစ်ဆင်နွှဲပြီး နောက်မှာ မိုဆူးလ်မြို့ကို အောင်မြင်ခဲ့ပြီ လို့ ကြွေးကြော်ခဲ့ပါတယ်။
သြဂုတ်လမှာ အိုင်အက်စ်တွေရဲ့ နောက်ဆုံးခြေကုပ်ယူရာ အီရတ်နိုင်ငံ မြောက်ပိုင်း ကျေးလက်ဒေသတစ်ခုဖြစ်တဲ့ အာဖာဒေသကို အိုင်အက်စ်လက်က လွတ်မြောက်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
ဒီဇင်ဘာ ၉ ရက်မှာတော့ အဘာဒီ ဟာ သုံးနှစ်ကြာဆင်နွှဲခဲ့တဲ့ အိုင်အက်စ် ချေမှုန်းရေးစစ်ပွဲကြီး အောင်မြင်ခဲ့ပြီလို့ ကြေညာလိုက်ပါတော့တယ်။
တိုက်ခိုက်မှုများ
အဲဒီလိုအိုင်အက်စ်တွေကို ချေမှုန်းနိုင်ခဲ့ပေမယ့်လည်း အိုင်အက်စ်တွေဟာ လုံးဝချုပ်ငြိမ်းမသွားဘဲ ကြိုးကြားကြိုးကြား တိုက်ခိုက်မှုတွေကို ပြုလုပ်လျက်ရှိပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီက ဘဂ္ဂဒက်မြို့ လယ်မှာ အသေခံတိုက်ခိုက်မှုနှစ်ခု ပြုလုပ်ခဲ့ရာ လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ပါတယ်။ အိုင်အက်စ်တွေဟာ အီရတ်မှာ အသေခံ တိုက်ခိုက်မှုတွေကို မကြာမကြာ ပြုလုပ် ကြတဲ့သူတွေဖြစ်ပါတယ်။
ဆီးရီးယားမှာလည်း အိုင်အက်စ် ဂျီဟတ်အဖွဲ့တွေဟာ အမေရိကန်တပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပြုလုပ်ကြပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က မန်ဘစ်ချ်မှာ အမေရိကန် ကင်းလှည့်ယာဉ်တန်းကို အိုင်အက်စ်တွေက ပစ်မှတ်ထားကာ အသေခံတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလိုလုပ်ခဲ့တာကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ကာ့ဒ်-အာရပ်တပ်ဖွဲ့မှ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ငါးဦးနဲ့ အမေရိကန်လေးဦး သေဆုံးခဲ့ပါတယ်။
အဲဒီဖြစ်ရပ်တွေဖြစ်ပြီးရက် အတော်ကြာပြီးနောက်မှာ ဟာဆာခါ အရှေ့မြောက်ဘက် ပြည်နယ်မှာ အသေခံဗုံးခွဲသမားတစ်ဦးရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန်-အက်စ်ဒီအက်ဖ် တပ်ဖွဲ့တွေလိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဗုံးပေါက်ကွဲပြီး ငါးဦးသေဆုံးခဲ့ပါတယ်။
အိုင်အက်စ်တွေဟာ အရင်လို ထင်တိုင်းကြဲလို့မရတော့ပါဘူး။ အိုင်အက်စ် တို့ရဲ့ အစွန်းရောက်စစ်ပွဲ ရည်မှန်းချက်ကြီးဟာ လအနည်းငယ်အတွင်း ရှုံးနိမ့်ရတော့မှာ ဖြစ်ပါတယ်။
အခုတော့ အိုင်အက်စ်တွေရဲ့ တည်ရှိမှုဟာ လုံးဝပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့နောက် ဆုံးခြေကုပ်ယူရာနေရာမှာရှိတဲ့ ဆီးရီးယားပြည်သူတွေဟာလည်း အခုဆိုရင် ကာ့ဒ်တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ဘေးကင်းရာကို ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေပါပြီ။
မကြာမီအချိန်အတွင်း အိုင်အက်စ်တွေကို ကျူပင်ခုတ်ကျူငုတ်ပါ မကျန်စေရေး ထိုးစစ်ဆင်နွှဲမှုတွေ ပြုလုပ် သွားတော့မှာပဲ ဖြစ်ပါတယ်။ အိုင်အက်စ် တွေမရှိတော့ဘူးဆိုရင် ဆီးရီးယား ပြည်သူတွေလည်း ဘဝခါးခါး ဆူးတွေကြားက အပြုံးပန်းဝေဆာ နိုင်တော့မှာပဲ ဖြစ်ပါတယ်။
ကိုးကား -အေအက်ဖ်ပီ