မနီလာ၊ သြဂုတ် ၂

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမြို့တွင် ယနေ့အစောပိုင်းက ငါးလွှာရှိ လူနေအဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ယနေ့ဒေသစံတော်ချိန် ၇ နာရီခွဲမတိုင်မီက အဆောက်အအုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အဆောက်အအုံထဲတွင် ပိတ်မိနေသောလူ ၁၁ ဦးလုံး သေဆုံးခဲ့သည်ဟု မီးဘေးကာကွယ်ရေးဗျူရိုက အတည်ပြုခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်မှုအဖွဲ့ဝင် နယ်လ်ဆင်တိုင်က ပြောကြားသည်။

အဆိုပါ အဆောက်အအုံ၏ တတိယအလွှာတွင် ရှာဖွေတွေ့ရှိသည့်အလောင်းများတွင် အဆောက်အအုံ ပိုင်ရှင်၏ ဇနီးဖြစ်သူလည်း ပါဝင်ကြောင်း တိုင်က ထပ်မံပြောကြားသည်။

အဆောက်အုံး၏ ပထမအလွှာရှိ စားသောက်ဆိုင်တွင်  ဓာတ်ငွေ့တိုင်ကီတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း အဆောက်အအုံလုံခြုံရေး အစောင့်တစ်ဦးက အခင်းဖြစ်သည့် နေရာ ရောက်ရှိနေသည့် သတင်းထောက်များအား ပြောကြားသည်။

သို့သော် ဗျူရိုကမူ ယင်းမီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို အတည်မပြုနိုင်သေးဘဲ မီးလောင် မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ