ထားဝယ် ဩဂုတ် ၂
ဩဂုတ် ၁၂ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ဩဂုတ် ၂ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားပြီး အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန် (၄)ချက်ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ဆက်လက်၍ ပထမပွဲစဉ်အဖြစ် အမျိုးသမီး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် EDU Park ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းတို့ ယှဉ်ပြိုင်မှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး အထက(၃)အသင်းက အနိုင်ရရှိခဲ့သည်။ အခြေခံပညာကျောင်းပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား(၉)သင်း၊ အမျိုးသမီး (၇)သင်းတို့က ဩဂုတ် ၇ ရက်အထိ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


