ပင်လောင်း ဩဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဩဂုတ် ၁ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နေရာအချို့တွင် ရေပြည့်ရေလျှံမှုဖြစ်ပြီး အိမ်များအတွင်း ရေများဝင်ရောက်ခြင်း၊ ရပ်ကွက်ချင်းဆက်လမ်းမများပေါ် ရေပြည့်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါနေရာများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဩဂုတ် ၁ ရက် ညနေပိုင်း၌ သွားရောက်ကြည့်ရှုခဲ့ပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေများအမြန်ကျဆင်းစေရေး ဆောင်ရွက်ရန် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများအား လမ်းညွှန်မှာကြားသည်။ ရေပြည့်ရေလျှံမှုကြောင့် လမ်းသွားလာမှု အနည်းငယ်ခက်ခဲ၍ စာသင်ကျောင်းများ ခေတ္တပိတ်ထားရကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ ပင်လောင်းမြို့သည် မိုးများသည့်ဒေသဖြစ်ပြီး ၁၀ရက်ကျော်ကြာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နှစ်ထက် မိုးရွာသွန်းမှုပိုမိုများခဲ့ကာ လူနေအိမ်များအတွင်းနှင့် ရပ်ကွက်ချင်းဆက်လမ်းမများပေါ် ရေဝင်ရောက်မှု ယမန်နှစ်ထက် နှစ်ပေကျော် ပိုမိုမြင့်တက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


