နေပြည်တော်၊ ဩဂုတ် ၂
Instructional Video ရိုက်ကူးရေး ဆရာဖြစ် သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးတက္ကသိုလ် သင်တန်းခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ၊ Aller Aqua Group မှ တာဝန်ရှိသူများနှင့် Rain Media Company မှ သင်တန်း နည်းပြဆရာများ၊ ဦးစီးဌာနများ တက္ကသိုလ်များမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ တက္ကသိုလ်များ အနေဖြင့် လယ်ယာသီးနှံသားငါးများကို စိုက်ပျိုးမွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာ ဖူလုံပိုလျှံရေးကို ရည်ရွယ်၍ တောင်သူများနှင့် လုပ်ငန်းရှင်များထံသို့ နည်းပညာများ အသိပညာနှင့် သတင်းအချက်အလက်များ ဖြန့်ဖြူးပေးလျှက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်အတွက် Instructional Video များရိုက်ကူးပြီး တစ်နိုင်ငံလုံး လွှမ်းခြုံထားသည့် မိုဘိုင်းဖုန်းကွန်ယက်အသုံးပြု လူမှုမီဒီယာများမှတဆင့် ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
Social Media Platform မှ နည်းပညာဖြန့်ဝေရေး အတွက် Instructional Video များ ရိုက်ကူးပြသ ခြင်းသည် ရိုးရှင်းလွယ်ကူသော နည်းလမ်းဖြစ်ပြီး အချိန်တိုအတွင်း နည်းပညာပြန့်ပွားမှုအတွက် ထိရောက် မှုရှိခြင်း၊ ဘာသာစကား အခက်အခဲအတားအဆီးမရှိခြင်း၊ ရိုက်ကူးဖြန့်ဝေထားသော video များကို မှတ်တမ်း အနေဖြင့်ထားရှိပြီး အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုနိုင်ခြင်း စသည့်အားသာချက်များကြောင့် တောင်သူလယ်သမားများအတွက် အကျိုးကျေးဇူးများစွာရရှိစေမည်ဖြစ်၍ သင်တန်းသူ သင်တန်းသားများ အနေဖြင့် ကြိုးစားလေ့လာသွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာအချက်အလက်များကို တင်ပြသည်။
သင်တန်း ကို ဩဂုတ် (၂)ရက်မှ (၄)ရက်အထိ (၃)ရက်ကြာကျင်းပမည့် Instructional Video ရိုက်ကူးရေး ဆရာဖြစ် သင်တန်း ကို Aller Aqua Group က ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနတက္ကသိုလ်များမှ သင်တန်းသား သင်တန်းသူ (၅၄)ဦးတို့တက်ရောက် လေ့လာလျက်ရှိကြောင်း၊ သင်တန်းတက်ရောက်ပြီးနောက် Video စုစုပေါင်း (၁၅၇)ခု ကို သက်ဆိုင်ရာ ဌာနများက ဦးစားပေးအစီအစဉ်အလိုက် စီစဉ်ရိုက်ကူးဖြန့်ဝေခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ အမှုဆောင် အရာရှိချုပ် မစ္စတာ အလက်စ်ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နေပြည်တော်တွင် သဘာဝမြေဩဇာ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်ရေးစီမံကိန်းနှင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဆိုင်ရာလုပ်ငန်းများတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု မြှင့်တင်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


