နေပြည်တော်၊ သြဂုတ် ၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများ ကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက်နှင့် ၃၁ ရက် တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ MITT ဆိပ်ကမ်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် အိန္ဒိယ နိုင်ငံထုတ် Ramming Mass (၈၁,၀၀၀)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂,၁၁၃,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် LED Injection Mold (၁)ခု၊ Controller (၂)ခု၊ Polo ကျားဝတ်ရှပ် အင်္ကျီအထည် (၃၀၀) ၊ Circuit Board/ Plastic/ Door Lock (၁၀၀)ခု အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၂၇၇,၅၀၀)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Pencil Case ကီလိုဂရမ် (၄၀၀) အပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၂၁၀,၃၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Faw Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆,၆၀၀,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဇူလိုင် ၃၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်နှင့် ထားဝယ် ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ Hijet မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ တရားမဝင် အခြားသစ် (၁၉ ဒသမ ၀၁၂)တန်နှင့် ဒီရေမျောတိုင် (၆၆၁၁)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၈၀,၈၄၀)နှင့် အဆိုပါသစ်များ တင်ဆောင်ထားသည့် စက်လှေ (၂)စီးနှင့် ထော်လာဂျီ (၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၄၀၀,၀၀၀)တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ ထားဝယ်ခရိုင်၊ ထားဝယ် မြို့နယ်၊ ဇလွန်းကျေးရွာ၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၂၃၀) ၊ ဓါတ်ဆီ (၁၂၉၈)ဂါလန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂,၉၄၃,၀၀၀) နှင့် အင်ဂျင်ဝိုင် (၄၆)ဂါလန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၂၈,၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ကော့သောင်း ခရိုင်အတွင်း၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄,၂၅၁,၈၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဇူလိုင် ၃၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် မလေးရှားနိုင်ငံထုတ် Polar Bear White Cement (၄၀)ကီလိုဂရမ်ပါ အိတ် (၁၈၀၀)  (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈,၂၈၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Cheng Long Tractor Head (၁)စီး၊ Nissan Diesel Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၂)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၂,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၀,၂၈၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇူလိုင် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၉)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၁,၁၃၂,၆၄၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)