ညောင်ဦး ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသန့်ရှင်းသာယာလှပရေးအတွက် Bagan Plastic Campaign အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ဩဂုတ် ၃ ရက် ၊နံနက်ပိုင်းက ညောင်ဦး - ကျောက်ပန်းတောင်း ကားလမ်း ဘေး(ဝဲ ယာ)ရှိ စွန့်ပစ်ပလတ်စတစ်အမှိုက်များကိုအမှိုက်သိမ်းယာဉ်ဖြင့် လိုက်လံကောက်ယူ ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်းကို ပုဂံဝန်းကျင်သာယာဖို့ပလတ်စတစ်အမှိုက်တွေရှင်းကြစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ Bagan Plastic Campaign အဖွဲ့၏ဦးဆောင်မှုဖြင့် အပတ်စဉ်(စနေနေ့တိုင်း) အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ယနေ့နံနက်ပိုင်းက Bagan Plastic Campaign အဖွဲ့ဝင်များ စုပေါင်းအဖွဲ့က ညောင်ဦး -ကျောက်ပန်းတောင်းသွားကားလမ်း တုရင်တောင်ဘုရားလမ်းခွဲမှ တောင်ဘကျေးရွာလမ်းခွဲအထိ လမ်းဘေး(ဝဲယာ) တစ်လျှောက်ရှိ စွန့်ပစ်ပလတ်စတစ် အမှိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ ကောက်ယူ ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား သန့်ရှင်းသာယာလှပစေရန်နှင့် ဘုရားဖူးပြည်သူများစိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ရန်၊ ပြည်သူများ ပလတ်စတစ်အမှိုက်များ စွန့်ပစ်ရာ၌ သတ်မှတ်ထားသည့် အမှိုက်စွန့်ပစ်နေရာများတွင် စနစ်တကျ အမှိုက်စွန့်ပစ်တတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ အများပြည်သူသွားလာသော ကားလမ်းမကြီးဘေး (ဝဲယာ) များနှင့်မြို့အဝင်/အထွက် နေရာများရှိ စည်းကမ်းမဲ့စွန့်ပစ်ပလတ်စတစ်အမှိုက်များကို ကောက်ယူရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


