နေပြည်တော် ဩဂုတ် ၃ 
 ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ရွာ၊ ပေါင်းလောင်းချောင်းတွင်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် ရေချိုငါးသယံဇာတများ ရှင်သန်ပွားများနိုင်သည့် ရေပြင်ဧရိယာ စုစုပေါင်း ဧက သန်း ၅၀ ကျော်ရှိပြီး အဆိုပါ သဘာဝရေချိုရေပြင်များတွင် တည်ရှိနေသော ငါးသယံဇာတများမှာ နှစ်စဉ်ငါးဖမ်းဆီး ထုတ်လုပ်မှု ၊ သဘာဝအလျောက် သေဆုံးမှု၊ ရေထုညစ်ညမ်းလာမှု၊ ရောဂါကျရောက်မှု၊ သဘာဝအစာကွင်းဆက်အရ အချင်းချင်းစားသုံးမှု၊ ရာသီဥတုဖောက်ပြန်မှုများ စသည်တို့ကြောင့် လျော့ကျလာလျက်ရှိရာ ငါးသယံဇာတများ ပြန်လည်ဖြစ်တည်လာစေရန် ငါးမျိုးစိုက်ထည့်ခြင်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ တစ်နိုင်ငံလုံးအနေဖြင့် (၂) လက်မအရွယ် ငါး၊ ပုစွန်သားပေါက်ကောင်ရေ (၄၀၅ ဒသမ ၁၀) သိန်းလျာထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ငါး၊ ပုစွန်သားပေါက်ကောင်ရေ သိန်း (၂၁၀) မျိုးစိုက်ထည့်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ငါးသယံဇာတ စဉ်ဆက်မပြတ် ရေရှည်တည်တံ့နေစေရန်နှင့် ငါးရိက္ခာများ ပိုမိုထုတ်လုပ်ပြီး တိုးတက်လာလျက်ရှိသည့် လူဦးရေအတွက် ငါးရိက္ခာဖူလုံစွာ ဖြည့်တင်းပေးနိုင်စေရန် လက်တွဲပါဝင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးများသည် အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ရွာ၊ ပေါင်းလောင်းချောင်းအတွင်းသို့ ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ ( ၁ ) သိန်း မျိုးစိုက်ထည့်ပေးခဲ့ကြသည်။ 
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းအုပ်စုတွင် ကျင်းပသည့် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို တက်ရောက်ကြသည်။
အခမ်းအနားတွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေစပါးနှင့် နွေသီးနှံများ စိုက်ပျိုးခဲ့မှု ၊ သီးနှံအထွက်နှုန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သီးနှံစိုက်ပျိုးထွက်ရှိမှုဆိုင်ရာ ကိန်းဂဏန်း စာရင်းဇယားများမှန်ကန်ရေး၊ စံသတ်မှတ်ချက်များ လိုက်နာဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် လိုအပ်သော လေ့လာစူးစမ်းမှုများ ဆောင်ရွက်ထားရှိကြရန် ဆွေးနွေးမှာကြားသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနား တက်ရောက်လာကြသော တောင်သူများအား ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ လက်ရှိစိုက်ပျိုး ထုတ်လုပ်မှု သီးနှံအထွက်နှုန်းနှင့် ဝင်ငွေအကျိုးအမြတ်ရရှိမှုအခြေအနေများကို မေးမြန်းပြီး ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးနှင့် ခေတ်မီ စိုက်ပျိုး စီးပွားရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်မှု အလားအလာများကို အကြံပြုဆွေးနွေးပြောကြားပြီး ထိုင်းနှံကောက်မျိုး နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ကြည့်ရှုအားပေးကြသည်။ 
အဆိုပါ စံကွက်မှ စပါးအစို (၁၃၉) တင်းနှုန်း ထွက်ရှိကြောင်း စိစစ်တွေ့ရှိရသော်လည်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနတွင် အခြောက်ခံခြင်း ၊ အဖျင်းအမှော်ဖယ်ရှားခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်၍ တစ်ဧက၏ သန့်စင်ပြီး စပါးအခြောက် အမှန်အထွက်နှုန်းကို စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်