နေပြည်တော်၊ ဩဂုတ် ၄

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များသည် ယမန်နေ့ ညနေပိုင်းက နေပြည်တော်အတွင်း Green City ဖြစ် စေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

ဦးစွာ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်ရှိ ဘဲကုန်းမီးပွိုင့်အနီးမှ ပင်လောင်းလမ်းဆုံအထိ လမ်းဘေးဝဲ/ယာတွင် နှစ်တိုပန်းအလှပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ပင်လောင်းလမ်း ဘေးဝဲ/ ယာတစ်လျှောက် သန့်ရှင်းသာယာလှပစေရန်အတွက် ပန်းအလှပင်များ ထပ်တိုး စိုက်ပျိုးရန်နှင့် စိုက်ပျိုးပြီးအပင်များ အမြန်ဆုံးရှင်သန်ကြီးထွားစေရေး ပေါင်းသင်၊ မြေဆွ၊ မြေဆွေးထည့်ခြင်း လုပ်ငန်းများအား စနစ်တကျဆောင်ရွက်ပြီး အပင်များ ရှင်သန်ကြီးထွားရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား - တောင်ညိုလမ်းဘေးရှိ သုခတော်ဝင်အိမ်ရာ အပိုင်း (၁) အတွင်း ကျောက်စီရေမြောင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် သုခတော်ဝင်အိမ်ရာအတွင်းရှိ ရေပေးဝေရေး စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သုခတော်ဝင်အိမ်ရာအပိုင်း (၁) ရှိ ရေပေးရေးစက်ရုံနှင့် အပိုင်း (၂) သို့ ရေပေးဝေရေး ဆောင်ရွက်ရန်အတွက် ပင်မပိုက်လိုင်းသွယ် တန်းထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က သုခတော်ဝင်အိမ်ရာအတွင်း ရေပြတ်လပ်မှု မရှိစေရေးနှင့် ရေရရှိမှုအခက်အခဲများ မဖြစ်ပေါ်စေရေး စနစ်တကျ စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်