ဘားအံ၊ ဩဂုတ် ၄
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော၊ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဩဂုတ် ၄ ရက် နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး ငွေကျပ်လေးရာခုနှစ်ဆယ့်ငါးသိန်း တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်ထံ ထောက်ပံ့ပေးအပ်ပြီး လှူဒါန်းပေးကြသော ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့ထောက်ပံ့ပေးအပ်မှုတွင် ငါးပိကြော်၊ ငါးခြောက်ကြော်၊ အချိုရည်၊ ကော်ဖီမစ်၊ မြေပဲဆားလှော်၊ ခေါက်ဆွဲခြောက် အစရှိသော စားသောက်ဖွယ်ရာ (၇) မျိုးကို ဝန်ထမ်းများ ကိုယ်တိုင် စိတ်အားထက်သန်စွာ ကြော်လှော်ချက်ပြုတ်ထုပ်ပိုး၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲဝင်များအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တစ်ဆင့်ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


