နေပြည်တော်၊ ဩဂုတ် ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှ ယာယီတွဲဖက်ထားသော ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့် တွေ့ဆုံကာ မိသားစုများနေထိုင်ရေး၊ သားသမီးများ၏ ပညာရေး၊ တာဝန်ထမ်းဆောင်မှု အခြေအနေများနှင့် တစ်ဦးချင်း အခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များမှာကြားပြီး ဦးစီးဌာနအလိုက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် ဒေသအလိုက် ဦးစီးဌာနများမှ တာဝန်ရှိသူများက လိုအပ်ချက်များကို တင်ပြရာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တောင်ကြီးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ နည်းပြ ဆရာဆရာမများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်နေသော ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသား သင်တန်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းပြီးဆုံး၍ ဒေသတွင်း ကုမ္ပဏီများ၊ စီးပွားရေးအသင်းအဖွဲ့များ သမဝါယမအသင်းများ၌ လုပ်ငန်းခွင်ဝင်ရောက်နေကြပြီဖြစ်သော ကျောင်းသား ကျောင်းသူဟောင်းများနှင့် တွေ့ဆုံကာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမ ကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိရန် ကြိုးစားသင်ယူကြရေးမှာကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လုပ်ငန်းခွင်ဝင်ရောက်နေသော ကျောင်းသားကျောင်းသူဟောင်းများကို နှုတ်ဆက်၍ အခက်အခဲများမေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတဆင့် တောင်ကြီးမြို့နယ်၊ ဟဲကယ်ကျေးရွာသို့ သွားရောက်ပြီး တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့မှ ဆီထွက်သီးနှံ နေကြာစိုက် သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သမဝါယမအသင်းများ၏ ပံ့ပိုးမှုဖြင့် ဆီထွက်သီးနှံ မြေပဲ (၁၄၂) ဧက စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ လာမည့်ဆောင်းရာသီသီးနှံ နေကြာဧက (၅၀၀၀) စိုက်ပျိုးမည့်အခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းများ အနေဖြင့် နေကြာစိုက်တောင်သူများအတွက် လိုအပ်သည့်မျိုး၊ သွင်းအားစုဓာတ်မြေဩဇာများ အချိန်မီ ဆောင်ရွက်ပေးရေး မှာကြားပြီး ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က သမဝါယမ အသင်းသားတောင်သူများအတွက် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်သည်။
ထိုမှတဆင့် ကလောမြို့နယ်၊ တင်ကြီးကြပ်ကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တင်ကြီးကြပ်ကျေးရွာတွင် အနက်ပေ (၃၄၀) စက်ရေတွင်း တူးဖော်ပေးပြီး ဆိုလာရေတင်စနစ်ဖြင့် (၂) ဆင့် မြှင့်တင်ပေးပြီး တင်ကြီးကြပ်ကျေးရွာ အပါအဝင် ကျေးရွာခြောက်ရွာ သောက်သုံးရေ ဖြန့်ဝေပေးနေသည့် လုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာသို့ သွားရောက်၍ လာမည့်ဆောင်းရာသီတွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီးဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌတို့က လိုအပ်သည်များ မှာကြားသည်။
ထို့နောက်နောက် ဒုတိယဝန်ကြီးက အသင်းသားတောင်သူများအတွက် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


