နေပြည်တော် သြဂုတ် ၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၁ ရက်တွင် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၁၅ ဒသမ ၇၅၆) တန်နှင့် သစ်မာ (၀ ဒသမ ၁၉၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၁၃၄,၈၀၀) ကိုလည်းကောင်း၊ သြဂုတ်လ ၂ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၃ ဒသမ ၇၁၂) တန်၊ အခြားသစ် (၂ ဒသမ ၈၄၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၁၃,၆၅၃) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၂၄၈,၄၅၃) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Nissan Murano မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက် ရှိသည်။
ထို့အတူ သြဂုတ် ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ မိုင်းလားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် သုံးစီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Camel အဝတ်လျှော်စက် နှစ်လုံး၊ Man Slipper ကျားစီးဖိနပ် (၅၂၄၀) ရံ၊ Brake Shoe (၁၅၀) ကီလိုဂရမ် အပါအဝင် လူသုံးကုန်ပစ္စည်းကိုးမျိုး၊ ဆိုင်ကယ်အပိုပစ္စည်း (၃၅) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၇၂၃,၁၅၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck နှစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၇,၇၂၃,၁၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် သြဂုတ် ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှသွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Happy Rose Tissue (၄၀၁၁) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၉၅၀,၇၉၄) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ ပိုင်ရှင်မှစွန့်လွှတ်ကြောင်း တင်ပြလာသည့် တရုတ်နိုင်ငံထုတ် Plastic Pallets (၈၃၀) ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၇၂,၅၀၀) ကို လည်းကောင်း၊ ထီးတန်းဆိပ်ကမ်း၌ ကုန်သေတ္တာ နှစ်လုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် Fuse (၁၅၈၄)ခု၊ Mini Helmet (၅၇၀၀)လုံး အပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀,၀၇၆,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် တရုတ်နိုင်ငံထုတ် Medical Device - Cholesterol Assay Kit ငါးခု အပါအဝင် ကုန်ပစ္စည်း (၂၆) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၆၆,၈၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၂၆၆,၀၉၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်၃၂၆,၂၃၇,၆၉၇) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်