နွမ်ဂျာသိုင်း
၂-၈-၂၀၂၄ ရက်နေ့မှအဆက်
“သူတစ်ပါးသည် မိမိ၏ ကိုးစားရာ အဘယ်မှာ ဖြစ်နိုင်အံ့နည်းလို့ ဟောခဲ့တယ်”
“ဒါကြောင့်ထင်တယ်၊ ကိုထွန်းဝေက ကိုယ်ထူးကိုယ်ချွန်သီချင်းကိုကြိုက်တာ”
ခင်လေးက သာဓုကန်တုန်းကအဖြစ်ကို မှတ်မှတ်ရရ ပြန်ပြောသည်။ ရင်ထဲတွင် ကျေနပ်မှုကြောင့် ပီတိလေးများ ပွားသွား၏။
“ကိုထွန်းဝေက ဒါတွေ ဘယ်လိုလုပ်တတ်သလဲ”
မဖြူ၏ အမေးကလည်း ထက်ကြပ်မကွာ လိုက်လာသည်။
“စာအုပ်တွေထဲကပဲ မဖြူ၊ ဗဟုသုတပေါင်းစုံ အသိပညာအားလုံးဟာ စာအုပ်တွေထဲမှာပဲ ရှိတာပဲဟာ”
“အင်း . . . ကိုထွန်းဝေ ပြောတာနဲ့ ဘုရားမှာ ဆုတောင်းဖို့ကိစ္စတောင် မလုပ်ရဲတော့ဘူး”
ခင်လေး၏ စိတ်ပျက်လက်ပျက် ပြောလိုက်သံကြောင့် ကျွန်တော်ရယ်ချင်သွားသည်။ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီး -
“ကျွန်တော်က သဘောကိုပြောတာပါ မခင်လေး။ ဒါပေမဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကတော့ ဆုတောင်းဆုယူဆိုတာ ပြုမြဲဓလေ့ပဲမဟုတ်လား၊ ငရဲမကြီးပါဘူး။ ဘာဖြစ်လဲ ဆုတောင်းချင်တောင်းပေါ့”
“ကိုထွန်းဝေကော ဆုတောင်းမလား”
ကလေးလို အဖော်လာစပ်သောသူ့ကို ပြုံးကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ၊ ကျွန်တော် ဆုတောင်းမှ မခင်လေးက ဆုတောင်း မလို့လား”
သူက အမေးကို မဖြေ။ ကျွန်တော့်စကားသည် သူ့နား၌မည်သို့ ဖြစ်သွားသည်မသိ။ မဆိုင်သော စကားတစ်ခွန်းကို ဆိုသည်။
“ခင်လေးပဲခေါ်ပါ ကိုထွန်းဝေရယ်။ မခင်လေး . . . မခင်လေး ဆိုတာ တစ်မျိုးကြီးပဲ။ နားထောင်ရတာ ထောင့်တောင့်တောင့်ကြီး”
အဟဲ . . . အချိုရှာ သကာသာမက ပျားရည်ရော၊ ထန်းလျက်ရော၊ သကြားရော အစုံတွေ့လိုက်ရသလို ပျော်သွား၏။
“အဲဒီလိုခေါ်ရင် ခင်လေး စိတ်ဆိုးမှာစိုးလို့”
သူ့ဆီမှ မျက်စောင်းတစ်ခု ဒိုင်းခနဲ ရောက်လာ၏။ ပိုရန်ကောဟု အဓိပ္ပာယ်ပြန်သော် ရနိုင်ကောင်း၏ ထင်သည်။
“ကဲ . . . ခေါ်ပါရှင်၊ ခေါ်ပါ။ အခေါ်ခံရမယ့် လူကိုက လိုလိုလားလားနဲ့ ပြောတာပါ။ စိတ်ဆိုးမှာ မပူရတော့ပါဘူး”
မဖြူက ဝင်နောက်သည်။ ခင်လေးက ရှက်ပြုံးဖြင့် ကျောကိုရိုက်သည်။
“ကဲ . . . ဒါဖြင့် လာ၊ စကားတွေများမနေနဲ့၊ ဘုရားရှိခိုးကြရအောင်”
ခင်လေးက စကားဖြတ်၍ တန်ဆောင်းပေါ်တက်ရန်ညွှန်သည်။ သုံးယောက်သား တန်ဆောင်းပေါ်တက်လာခဲ့၏။ အားလုံးထိုင်မိကြသောအခါ လက်အုပ်ချီကာနီး ခင်လေးက လှမ်းပြောသည်။
“ဆုတောင်းဖြစ်အောင် တောင်းနော်”
ကျွန်တော်က သူ့ကို လှမ်းပြုံးပြရင်း ခေါင်းညိတ်သည်။ စိတ်ထဲမှ လည်း -
“တောင်းရမှာပေါ့ ခင်လေးရယ်၊ တောင်းတဲ့ဆုကို ခင်လေးသိရင်သာ ကိုယ့်ကို စိတ်မဆိုးပါနဲ့”
ဆုတောင်းက ပြည့်၊ မပြည့်ဆိုသောကိစ္စသည် ကျွန်တော်နှင့် အတော်အလှမ်းဝေးသော တစ်နေရာသို့ လွင့်သွား၏။ ဝတ်ပြုဦးချအပြီး ရင်ထဲမှ တိုးတိုးလေး ဆုတောင်းလိုက်မိသည်။
“တပည့်တော်တို့သည် မကြာမီ ချစ်သူများအဖြစ်ဖြင့် လာဖူးခွင့်ရပါစေ ဘုရား”
ထိုနေ့ညက အဆောင်ပြန်ရောက်သောအခါ ရေးလက်စကဗျာလေးကို အဆုံးသတ်ဖြစ်သည်။
“သိပ်ချစ်တာပဲ”
ရင်ထဲဆွေးတိုင်း၊ တွေးမိတယ်လေ
ပန်းကြွေလေးသာ၊ ကိုယ်ဖြစ်ပါရင်
ခြေရာလေးမှာ၊ ခိုနားပါမယ်
တစ်ခါရက်စက်၊ လာလမ်းဖျက်လို့
ခွဲထွက်ရှောင်သွား၊ မထားခြေရာ
မုန်းသွားမှာပဲ၊ စိုးရိမ်ဆဲကွယ်
သဲလွန်းတယ်လို့ ဆိုချင်ဆို။
အို ...
ငိုရမှာလည်း ကိုယ်ပါပဲ
သည်းကျွမ်းမှာလည်း ကိုယ်ပါပဲမို့
ပိုလွန်းသဲလွန်း၊ အူတိုလွန်းမှ
အလွမ်းသက်သာ စိတ်ဖြေသာမယ်
ဘာပဲဖြစ်ဖြစ်၊ ရှောင်မပစ်နဲ့
သိပ်ချစ်တာပဲ အချစ်ရယ်။
ကဗျာခေါင်းစဉ်လေးကို “သိပ်ချစ်တာပဲ” ဟု ပေးလိုက်၏။
ဒီဇင်ဘာ စာမေးပွဲများပြီးသောအခါ ကျွန်တော်အိမ်ပြန်သည်။ ဆောင်းည၏ အအေးဒဏ်များ ကြားမှပင် ကျော်ညွန့်နှင့် အဖော်စပ်၍ ငမိုးရိပ်ကမ်းပါး၌ ထိုင်ဖြစ်၏။ ငမိုးရိပ်ချောင်းရေပြင်တွင် ခင်လေး မျက်နှာလှလှလေးကို လမင်းအရိပ်အဖြစ်မြင်ရသည်။ အမေ့ဆီ ပြန်ရသဖြင့် ဝမ်းသာကြည်နူးမှု ဖြစ်ရသော်လည်း သည်တစ်ခါ ရွာအပြန်သည် ကြာလွန်းသည်ထင်မိ၏။ အဘယ်ကြောင့်ဆိုသော် ကျောင်းဖွင့်လျှင် ခင်လေးကို ချစ်ခွင့်ပန်တော့မည်ဟု ဆုံးဖြတ်ထားသောကြောင့်ပင်။
ကျောင်းဖွင့်၍ အဆောင်ပြန်ဝင်သောနေ့က ကံ့ကော်ပင်များကို တွေ့ရသောအခါ အထူးရင်ခုန်လာသည်။ ကံ့ကော်ပင်၊ ကံ့ကော်ရွက်များကြားတွင်လည်း ဦးဦးဖျားဖျား ရောက်နေသည်ထင်ရသော ကံ့ကော်ဖူးလေးတစ်ဖူးကို တွေ့လိုက်ရသည်။ ရင်ခုန်လွန်းအားကြီး၍လား မသိ၊ ရင်ခုန်၍ ခုန်နေမှန်းပင်မသိတော့။
(၉)
အတွက် . . .
မင်္ဂလာပါ ခင်လေးရယ် . . .
ပျော်ရွှင်ချမ်းမြေ့ခြင်းမှန်သမျှ ခင်လေးအတွက် ဖြစ်ပါစေလို့ဆန္ဒပြု ပါတယ်။
ခုလို ထူးထူးခြားခြား စာတစ်ခွေ၊ ပေတစ်ဖွဲ့ ရေးလိုက်တာကို ခင်လေးအံ့သြသွားလိမ့်မယ်။ ဘာများလဲဆိုတဲ့ အတွေးလေးတွေ ဝေဝေဝါးဝါး ပွားကောင်းပွားမှာပဲ။
မအံ့သြပါနဲ့ ခင်လေးရယ်၊ အတွေးလည်း မပွားပါနဲ့။ မပြောရဲတဲ့ စကားလေးတွေ၊ ရင်ထဲက ဝေဒနာလေးတွေကို အားကိုးတကြီး အကူအညီတောင်းလိုက်ရတာပါ။
ဝေဒနာဆိုတာက ခက်သားလား ခင်လေးရယ် . . .
ဝေမျှခံစားလို့ရတဲ့ ဝေဒနာကတော့ အလွယ်တကူ ဖွင့်ပြောသာ ဖွင့်ဟသာမို့ အမှတ်ထင်ထင်ဆိုသလို သိနိုင်ကြတယ်။ တစ်ယောက် တည်းသာသိတဲ့ ဝေဒနာကတော့.
ဘယ်သူသိမှာလဲ . . .
ဘယ်သူနားလည်မှာလဲ . . .
ဒီတော့ . . .
စာရွက်လေးတွေကို ပြောပြရတယ်။
စာရွက်လေးတွေကမှတစ်ဆင့် . .
“ချစ်တယ် ခင်လေးရယ်”လို့ တိုးတိုးလေးပြောပါရစေ။
ဖဝါးနဲ့မနာ နားနဲ့နာပါ ခင်လေး။
ကျွန်တော် ခင်လေးကို ချစ်နေမိခဲ့ပါတယ် . . .
တကယ်တော့ ဒီစကားဟာ ကျွန်တော့်ဘဝမှာ ပြောရအခက်ဆုံး စကားတစ်ခွန်းပါ။ ရင်ထဲမှာ ဘယ်လိုပဲ ခံစားနေရပေမယ့် ဖွင့်ပြောလိုက်ရင် မှားများ သွားမလားဆိုတဲ့အတွေးက အကြိမ်ကြိမ် ခြောက်လှန့်ခဲ့တာမို့ မျိုသိပ် ခဲ့ပေါင်းလည်း အခါခါပါ။
သင့်တော်ပါ့မလားဆိုတဲ့ အတွေးကလည်း ကြိမ်ဖန်တလဲလဲ ဟန့်တားခဲ့တာကြောင့် ရင်ထဲက ဝေဒနာငှက်လေးကို မေ့ပျောက်ခြင်း သံကွန်ချာနဲ့ မညှာမတာ သော့ပိတ်ချော့သိပ်ခဲ့တာလည်း အထပ်ထပ်ပါ။
ဒါပေမဲ့ ခင်လေးရယ် . .
နွေဦးမှာ ပွင့်လာမယ့် ကံ့ကော်လေးတွေကို ဘယ်သူတားလို့ရမှာလဲ . . .
ကံ့ကော်ပွင့်လေးတွေနဲ့အတူ တေးဆိုဖို့ ရောက်လာမယ့် ဥသြ ငှက်လေးကို ဘယ်သူတားလို့ရမှာလဲ . . .
ရင်ထဲက မေတ္တာတရားဆိုတဲ့ အရာလေးကလည်း ကံ့ကော်ပွင့်လေးတစ်ပွင့်ပါ။ ဥသြငှက်လေး တစ်ကောင်ပါ။ မိုးရယ်၊ ဆောင်းရယ်လို့ ဝေဒနာနုစဉ်ကာလတုန်းကတော့ ဆီးဟယ် တားဟယ် လုပ်လို့ ရကောင်းရမယ်။ ကုန်ဆုံးခဲ့တဲ့ စက္ကန့်လေးများနဲ့အပြိုင် လွမ်းသက်ကြာ အခါသင့်လို့ သမ္ဘာရင့်လာတဲ့ နွေဦးလိုအခါမျိုးမှာတော့ ဥကပေါက်တဲ့ ငှက်ကလေးလိုပဲ သူ့အခွံသူ ခွဲရဲရတော့ပါတယ်။
သိပ်ချစ်တယ် ခင်လေးရယ်။
လောကကြီးမှာရှိသမျှ အရာအားလုံးထက် ခင်လေးကို ပိုချစ်တယ်။
တစ်ချိန်တည်းမှာပဲ ခင်လေးဆီက တုံ့ပြန်မေတ္တာကို တဖွဖွတမ်းတလာတယ်။
ဒါကြောင့်မို့လည်း . . .
ဘာပဲဖြစ်ဖြစ် ရင်ထဲမှာ မွန်းနစ်ဆို့ကျပ်နေတဲ့ ဝေဒနာလေးကို မျိုသိပ် မထားဘဲ ပြောတော့မယ်လို့ ဆုံးဖြတ်လိုက်တော့တယ်။ ကြာခဲ့ပြီလေ ... ... ... ဝေဝေဝါးဝါး အတွေးလေးတွေနဲ့ ခင်လေးရဲ့အနားမှာ ကျွန်တော့်ဝိညာဉ် အမြဲနားခဲ့ပေမယ့် မပြောရဲတဲ့စကားလေးတွေကြောင့် ပင့်သက်တွေနဲ့ပဲ မောခဲ့ရတယ်။
ရင်မောတယ် ခင်လေး။
ပြောရမယ့် စကားတွေရှိနေတာ သိလျက်သားနဲ့ ပြောရခက်နေလို့ ဖုံးဝှက်သိုသိပ်နေရတဲ့ ကျွန်တော့်ဘဝကို တွေးကြည့်ပေါ့ကွယ်။ လွမ်းရတာကြာပြီမို့ ဒီတစ်ခါတော့ မပြောကောင်း မဆိုကောင်း ခင်လေးရဲ့ အကြင်နာလွဲလို့ ရင်ပါကွဲရင်ကွဲပါစေတော့။ မကြင်နာသေးရင်လည်း ဝေးရင်ဝေးပါစေတော့။ ဆူဝေပူလောင်နေတဲ့ သောကအိမ်ထဲမှာ မလူးသာမလွန့်သာ ရင်မှာ မျိုသိပ်နေရတဲ့ ဘဝထက်စာရင်တော့ . .
ဘာပဲဖြစ်ဖြစ်ဆိုပြီး
ကိုယ့်မေတ္တာကို ပန်းလေးတစ်ပွင့်လို အပ်ပါတယ်ခင်လေး။
ပန်ချင်လည်း ပန်သွားပါ၊
ခြွေချင်လည်း ခြွေသွားပါ၊
မပန်ချင်လည်း ခြွေခဲ့နိုင်ပါတယ်၊
မခြွေရက်ရင် ပန်သွားပါရယ်လို့ပဲ။
ထာဝရ
ကျွန်တော်
“ကောင်းတယ်”
“ဘာကောင်းတာလဲ”
ကျွန်တော် မနက်အိပ်ရာမှအထ ခေါင်းရင်းဘက်မှ ပေါ်ထွက်လာသော ပေါ်ဦးအသံကြောင့် ကျွန်တော် ပြူးပြူးပျာပျာထ၍ မေးလိုက်သည်။
(ဆက်လက်ဖော်ပြပါမည်)