သီဟစည်သူ

 

(ဇူလိုင် ၂၉ ရက်မှအဆက်)

 

(၄) အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဥယျာဉ်

 

အင်းလေးကန်သည် နိုင်ငံတကာအဆင့် ထိန်းသိမ်းရေးနယ်မြေအဖြစ် ၂ဝဝ၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်၊ ၂ဝဝ၄ ခုနှစ်တွင် အရေးပါသည့် ငှက်မျိုးစိတ်နှင့် ဇီဝမျိုးစုံမျိုးကွဲနယ်မြေ၊ ၂ဝ၁၅ ခုနှစ်တွင် ယူနက်စကို၏ လူသား နှင့် ဇီဝအဝန်းနယ်မြေအစီအစဉ်တွင် ပါဝင်သည့် ဇီဝအဝန်းနယ်မြေတို့အဖြစ် သတ်မှတ်ခံထားရပြီးဖြစ်သည်။ အထင်ကရ  အင်းလေးကန်အား   ၂၀၁၈ ခုနှစ် သြဂုတ် ၁ဝ ရက်တွင် ရမ်ဆာရေဝပ်ဒေသ   ထိန်းသိမ်းရေး ကွန်ဗင်းရှင်းက မြန်မာနိုင်ငံ၏ ငါးခုမြောက် နိုင်ငံတကာအရေးပါသည့် ရေဝပ်ဒေသ သို့မဟုတ် ရမ်ဆာ   ထိန်းသိမ်းရေးနယ်မြေအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သည်။

 

အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ကုန်းတွင်းရေတိမ် ဒေသဖြစ်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင်  တည်ရှိသည်။ မြန်မာနိုင်ငံတွင်  ဒုတိယအကြီးဆုံး ကုန်းတွင်း ရေချိုကန်ကြီးဖြစ်ပြီး ဧရိယာအားဖြင့် ၅၇၉၇၅၅ ဟက်တာ ကျယ်ဝန်း သည်။ အင်းလေးကန်သည် ထူးခြားသည့် ရေဝပ်ဒေသဂေဟစနစ်နှင့် ရှားပါးမျိုးစိတ်များ တည်ရှိနေမှု၊  ဆောင်းခိုငှက်များ ကျရောက်ကျက်စားမှု၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များ  ကြွယ်ဝမှုတို့ဖြင့် ထင်ရှားသည့် ရေအိုင်ကြီးတစ်ခုဖြစ်သည်။  အင်းလေးကန်အတွင်း  ကမ္ဘာ့ရှားပါးစာရင်းဝင် ရေပျော်ငှက်မျိုးစိတ် ၁၀၀ နီးပါးအပါအဝင် ငှက်မျိုးစိတ်ပေါင်း ၃၅၀ ကျော် နေထိုင်ကျက်စားလျက်ရှိသည်။ အင်းလေးကန်သည် အာရှ-သြစတြေးလျ ပျံသန်းလမ်းကြောင်းနှင့် ဗဟိုအာရှဒေသ ပျံသန်းလမ်းကြောင်း ပေါ်တွင်လည်း ကျရောက်လျက်ရှိသည်။

 

 

အင်းလေးကန်ကို ရေဝပ်ဒေသဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၅ ခုနှစ်တွင် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟူ၍ အင်းလေးကန်နှင့် စကားအင်း၊ မိုးဗြဲ ရေလှောင်တမံတို့ အပါအဝင် စုစုပေါင်း ဧရိယာအကျယ်အဝန်း ၁၃၁၈၈၇ ဒသမ ၇၇ဧက၊ စတုရန်းမိုင် ၂ဝ၆ ဒသမ ဝ၇ မိုင် ကို အမိန့်ထုတ်ပြန် ကြေညာခဲ့ပြီး သတ်မှတ်ကာကွယ် ထိန်းသိမ်းထားရှိသည်။

 

နိုင်ငံတကာအရေးပါသည့် အင်းလေး ကန်ရေဝပ်ဒေသ ရမ်ဆာထိန်းသိမ်းရေး နယ်မြေသည် အင်းလေးကန်ကြီးအတွင်းရှိ ငှက်မျိုးစိတ်များ၊ ငါးမျိုးစိတ်များ အဓိက ပေါက်ပွားရာ နေရင်းဒေသနှင့် ဆောင်းခို ငှက်များ ကျရောက်ကျက်စားရာ နယ်မြေများ ပါဝင်နေသည့် ညောင်ရွှေမြို့နယ် အပိုင် အင်းလေးကန် ရေပြင်ဧရိယာနှင့် သဘာဝကျွန်းမျောဧရိယာများ ပါဝင်ပြီး စုစုပေါင်းဧရိယာ ၁၄၃၂၆ ဒသမ ၁၈ ဧက၊ ၅၇၉၇ ဒသမ ၆ ဟက်တာကို ရမ်ဆာ ရေဝပ်ဒေသအဖြစ် သတ်မှတ်ခံထားရသည်။

 

(၅) ထမံသီ တိရစ္ဆာန်ဘေးမဲ့တောဥယျာဉ်

 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်တို့အတွင်း တည်ရှိသည့် ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို လာအိုနိုင်ငံ ပါဆီမြို့တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အာဆီယံအမွေအနှစ်ဥယျာဉ်များ ညီလာခံတွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်အတည်ပြုခဲ့ကြောင်းသိရသည်။

 

ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဂေဟဗေဒဆိုင်ရာ ကောင်းမွန်သော နေရာတစ်ခုဖြစ်ခြင်း၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တည်ရှိရာနေရာဖြစ်ခြင်း၊ တောဆင်ရိုင်း၊ ကျား၊ အင်းကျား၊ ဝက်ဝံနက်၊ သင်းခွေချပ် စသည့် ရှားပါးတောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစိတ်များ ကျက်စားလျက်ရှိခြင်း တို့ကြောင့် အဆိုပါဘေးမဲ့တောကို ၁၉၇၄ ခုနှစ်မှ စတင်၍ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘေးမဲ့တောဥယျာဉ်တွင် အမြဲစိမ်းတောနှင့် ရွက်ကြွေတော (အပေါ်ပိုင်းစိုစွတ်) စသော သစ်တောအမျိုးအစားများ ပေါက်ရောက်ကြသည်။ မျိုးသုဉ်းရန် အန္တရာယ် ကျရောက်နေသည့် ရှားပါးမျိုးစိတ်များ ဖြစ်သည့် တောဘဲမန်ဒါလီ၊ အာရှဆင်၊ ကျား၊ အနောက်ဘက်မျောက်လွှဲကျော် မျက်ခုံးဖြူ၊ ရေဗလုံမျိုးစိတ်များ ကျက်စား နေထိုင်လျက်ရှိသည်။

 

(၆) လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်

 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် တည်ရှိသည့်လန်ပိကျွန်း အဏ္ဏဝါအမျိုးသား ဥယျာဉ်သည် မြိတ်ကျွန်းစုထဲတွင်ပါဝင်ပြီး ကျွန်းငယ်များစွာ ဝန်းရံလျက်ရှိသည်။ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ကို ၁၉၉၆ ခုနှစ် ဖေဖော် ဝါရီ ၂၈ ရက်က အဏ္ဏဝါအမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ လန်ပိကျွန်းတန်းရှည်သည် ကော့သောင်းခရိုင်အတွင်း အကြီးဆုံးသောကျွန်းဖြစ်ပြီး ၅၀၆၁၇ ဧကကျယ်ဝန်းသည်။

 

မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်များ နှင့် အခြားဇီဝမျိုးစုံမျိုးကွဲများ နေထိုင် ကျက်စားရာနေရာဒေသ ၅၇ ခုရှိသည့် အနက်မှ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ မုတ္တမပင်လယ်ကွေ့နှင့် နံ့သာကျွန်းတို့ သည် ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး ဆောင်းခိုငှက်များဖြစ်သည့် ရေညှောင် နှုတ်ဝိုင်းငှက်များ၊ ကမ္ဘာ့ရှားပါးဆောင်းခို ငှက်များ အဓိကလာရောက်ဆောင်းခို နေထိုင်ရာနေရာတွင် ပါဝင်နေသည့် အတွက် အရေးပါသည့် ငှက်မျိုးစိတ်များ ထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ခံထားရသော ဥယျာဉ် တစ်ခုလည်းဖြစ်သည်။

 

အမျိုးသားဥယျာဉ်အတွင်း ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ ကောက်ယူခဲ့သော စစ်တမ်းအရ ဒီရေ တော ၆၃ မျိုး၊ နို့တိုက်သတ္တဝါ ၁၉ မျိုး၊ ငှက်အမျိုးအစားပေါင်း ၂၂၈မျိုး၊ တွားသွား သတ္တဝါ ၁၀ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၁၀မျိုး၊ ငါး ၄၂ မျိုး၊ ကဏန်း ၄၂ မျိုး၊ ခရု အမျိုးအစား ၅၀၊ ယောက်သွားကမာ ကောင် ၄၁ မျိုး၊ ပင်လယ်မျှော့ ၃၅ မျိုး၊ ပင်လယ်ရေညှိ ၇၃ မျိုး၊ အခြားရေနေ သတ္တဝါ ၃၃၅ မျိုး အပါအဝင် အပင် ၃၄၂ မျိုး၊ သတ္တဝါ ၄၈၆ မျိုး ပေါက်ရောက်နေထိုင် ကျက်စားလျက်ရှိသည့်အပြင် ဥယျာဉ် ဧရိယာကို အမြဲစိမ်းသစ်တော ၂၂ ရာခိုင် နှုန်း၊ ဒီရေတော ၂ ရာခိုင်နှုန်း၊ ပင်လယ် ကမ်းခြေဒေသနှင့် သဲသောင်သစ်တော ၁ ရာခိုင်နှုန်းနှင့် အဏ္ဏဝါရေပြင် ၇၅ ရာခိုင် နှုန်းဖြင့် ဖုံးလွှမ်းထားသည်။ ထို့ပြင်လန်ပိကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ် တွင် သဘာဝအတိုင်း တည်ရှိနေသော ပင်လယ်ကမ်းခြေနှင့် သဘာဝပတ်ဝန်း ကျင် ရှုခင်းများအပြင် ဒေသခံမော်ကင်း (ဆလုံ) လူမျိုးများ၏ လူနေမှုဘဝ၊ မိရိုး ဖလာအလေ့အထပုံစံများကို လေ့လာနိုင် သည့်နေရာတစ်ခုလည်းဖြစ်သည်။

 

ဆက်လက်ဖော်ပါမည်