ဘေရွတ်၊ ဩဂုတ် ၄

 

ဟစ်ဇ်ဘိုလာသည် လက်ဘနွန်နိုင်ငံတောင်ပိုင်းသို့ အစ္စရေး၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးမြောက်ပိုင်းသို့ ကတ်ယူရှာဒုံးကျည် ဒါဇင်ချီပစ်လွှတ်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံ အယ်လ်မနား ရုပ်မြင်သံကြား၏ ဖော်ပြချက်အရ သိရသည်။

 

အွန်လိုင်းတွင် မျှဝေထားသော ဗီဒီယိုဖိုင်တွင် အစ္စရေး Iron Dome လေကြောင်းကာကွယ်ရေးစနစ်က နိုင်ငံမြောက်ပိုင်း၌ ဒုံးကျည်အများအပြားကို ကြားဖြတ်ပစ်ချဟန့်တားနေကြောင်း ပြသထားသည်။ စနေနေ့တွင် အစ္စရေး ဒရုန်းတစ်စင်းက လက်ဘနွန်နိုင်ငံ အရှေ့တောင်ပိုင်း ဒီယာဆာရီယန် ရွာလယ်ရှိ ဈေးဆိုင်ငယ်တစ်ခုကို ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်နှစ်စင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ လက်ဘနွန်နိုင်ငံသား ကလေးငယ်တစ်ဦး သေဆုံးပြီး အခြားကလေးငယ်သုံးဦးအပါအဝင် အရပ်သားခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် သတင်းအရင်းမြစ်များက ဆင်ဟွာသို့ ပြောသည်။

 

အခြားဖြစ်ရပ်တစ်ခုတွင် အစ္စရေးဒရုန်းတစ်စင်းက အနောက်တောင်ပိုင်းရှိ တေးဟာဖာရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လက်ဘနွန်အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနာတင်ယာဉ်ဖြင့် တိုင်ရီမြို့ ဆေးရုံ တစ်ရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

 

၎င်းတို့၏ ဂျက်တိုက်လေယာဉ်များသည် လက်ဘနွန်နိုင်ငံတောင်ပိုင်း တေးဟာဖာနှင့် ခါကီလာကျေးရွာများတွင် ဟစ်ဇ်ဘိုလာတို့ အသုံးပြုသော အဆောက်အအုံအများအပြားကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး တပ်မတော်က စနေနေ့တွင် ပြောသည်။

ဆင်ဟွာ