နေပြည်တော်၊ ဩဂုတ် ၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့၌ ဩဂုတ် ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုအစီအစဉ် (ဘင်းမ်စတက်) စီးပွားရေး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အိန္ဒိယသမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ စီးပွားရေးထိပ်သီးအစည်းအဝေးကို စီးပွားရေးလုပ်ငန်းများအတွက် ပွင့်လင်းမြင်သာမှုရှိပြီး လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးဖန်တီးရန်နှင့် ပိုမိုကောင်းမွန်သော ကုန်သွယ်ရေးနှင့် စီးပွားရေး အလားအလာများအတွက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးရန် ကျင်းပခြင်းဖြစ်ပြီး ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတကာမှ တက်ရောက်လာသည့် အဆင့်မြင့် အရာရှိကြီးများ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ၊ အကြံပေးအဖွဲ့များ၊ သုတေသနအသင်း အဖွဲ့များနှင့် ထုတ်လုပ်မှုလုပ်ငန်းများမှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံကာ ကုန်သွယ်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများ၊ စွမ်းအင်၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘင်းမ်စတက် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး သွားကြမည်ဖြစ်သည်။
ဖိုရမ်သို့ စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


