နေပြည်တော်၊ ဩဂုတ် ၅
လယ်ယာလုပ်ငန်းခွင်မှ စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကောက်ရိုးများကို တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရန်ရည်ရွယ်ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ “ကောက်ရိုးမှ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နည်း ဆရာဖြစ်သင်တန်းကို ယနေ့နံနက်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ Rice Bio-Park (စပါးဇီဝဥယျာဉ်) သင်တန်းခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဉီးစွာ ဒုတိယဝန်ကြီးက ကောက်ရိုးအား မီးမရှို့ဘဲ ကောက်ရိုးမှိုစိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် တောင်သူများ ဝင်ငွေရရှိနိုင်ပြီး အိမ်ထောင်စုများအတွက် စားရေရိက္ခာနှင့် အာဟာရကို အထောက်အကူ ပြုနိုင်သည့်အပြင် မှိုစိုက်ပျိုးထုတ်လုပ်ခြင်းမှ ထွက်ရှိလာသည့် မြေဆွေးများကို သဘာဝမြေသြဇာအဖြစ် ဆက်လက်အသုံးပြုနိုင်ခြင်းကြောင့် ကောက်ရိုးကို အသုံးပြု၍ မှိုစိုက်ပျိုးရေးနည်းပညာကို တောင်သူများ မျှဝေပေးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက မှိုခြံများနှင့် ကောက်ရိုးလက်တွေ့အသုံးချ သုတေသနလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန စပါးဇီဝဥယျာဉ် သုတေသနဌာနစုတို့ပူးပေါင်းပြီး ယခုသင်တန်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း။
ယခုသင်တန်းတွင် မှိုစိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်း၏ အရည်အသွေးကောင်းမွန်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စိုက်ပျိုးထုတ်လုပ်မှု အဆင့်ဆင့်တွင် ပတ်ဝန်းကျင်ကို လိုအပ်သလို ပြုပြင်ထိန်းသိမ်းရခြင်း၊ အခြေခံအဆောက်အအုံများစီမံခြင်း၊ သိုလှောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး အပိုင်းတို့တွင် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးတို့ကို စာတွေ့လက်တွေ့ မျှဝေပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ရေးနှင့် တောင်သူ အပိုဝင်ငွေရရှိရေး ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးများ၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ (၄၀) တက်ရောက်လေ့လာမည့် အဆိုပါသင်တန်းတွင် ကောက်ရိုးမှိုစိုက်ပျိုးခြင်း၊ ကောက်ရိုးမှ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ယူရီးယားဖြင့် ပြုပြင်၍ မွေးမြူရေးတိရစ္ဆာန် အစာအဖြစ် အသုံးပြုခြင်း၊ အာဟာရဖြည့် နွားစာထုံး ပြုလုပ်ခြင်း၊ သဘာဝမြေဆွေးပြုလုပ်ခြင်း၊ ကောက်ရိုးစက္ကူပြုလုပ်ခြင်းစသည့် ဘာသာရပ်များကို ဩဂုတ် ၅ ရက်မှ ၉ ရက်ထိ (၅) ရက်ကြာ စာတွေ့လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


