ဩဂုတ် ၆

ဆူဒန်နိုင်ငံရှိပြည်နယ်အများအပြားတွင် မကြာသေးမီက မိုးများသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုများကြောင့် လူ ၃၂ ဦးထက်မနည်းသေဆုံးပြီး အခြား ၁၀၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ပြည်နယ်ခုနစ်ခုရှိ နေအိမ် ၅၅၇၅ လုံး ပျက်စီးခဲ့သည်ဟု ထိုဝန်ကြီးဌာနရှိအကြီးအကဲတစ်ဦးက ပြောကြားသည်။ ရေကြီးရေလျှံမှုကြောင့် ကတ်ဆာလာပြည်နယ်တွင်  ၁၀၂ ဦး၊ ခါတိုအန်ပြည်နယ်တွင် လေးဦးနှင့် ဂီဇီရာပြည်နယ်တွင် ၁၆ ဦး ဝမ်းလျှောရောဂါများဖြစ်ပွားခဲ့သည်ဟု ၎င်းကဆိုသည်။

ကနဦးဖော်ပြချက်တွင် ကတ်ဆာလာပြည်နယ်မြို့တော် ကတ်ဆာလာမြို့ကိုဖြတ်သန်းစီးဆင်းသော ဂတ်စ်ရှ်မြစ်၏ ရေမျက်နှာပြင် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသအာဏာပိုင်များက ပြောသည်။ ပြည်သူများအနေဖြင့် သတိဖြင့်နေထိုင်ကြရန်နှင့် မြစ်ကမ်းပါးနေထိုင်သူများ အဝေးသို့ပြောင်းရွှေ့နေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်ဟု သိရသည်။

ဆူဒန်နိုင်ငံတွင် ဇွန်လနှင့် အောက်တိုဘာလအကြား နှစ်စဉ်ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိသည်။ လွန်ခဲ့သော သုံးနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရာနှင့်ချီသောလူများ သေဆုံးခဲ့ပြီး စိုက်ပျိုးမြေများ ပျက်စီးခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို