နေပြည်တော် ဩဂုတ် ၆

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်(၈)ရက်မှ (၁၀)ရက်အထိ လာအိုပြည်သူ့ဒီမိုက ရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပမည့် (၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။

 

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကအဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည်။

 

အဆိုပါ (၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ဩဂုတ်(၈)ရက်တွင် (၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် လုပ်ငန်းသုံးသပ်ခြင်း အစည်းအဝေး နှင့် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆုပေးပွဲ အခမ်းအနားများကိုလည်းကောင်း၊ ဩဂုတ်(၉)ရက်တွင် (၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ အစည်းအဝေးများ ဖြစ်သော (၂)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ကျန်းမာရေးဝန်ကြီးများအစည်းအဝေး၊ (၁၀)ကြိမ်မြောက် အာဆီယံ+၃ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး၊ (၉)ကြိမ်မြောက် အာဆီယံ-တရုတ် ကျန်းမာရေး ဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံ-အမေရိကန် ကျန်းမာရေးဝန်ကြီးများ အထူးအစည်းအဝေးများ ကိုလည်းကောင်း တက်ရောက်မည်ဖြစ်ပြီး အဆိုပါအစည်းအဝေးများ တွင်အာဆီယံဒေသတွင်းနိုင်ငံများ ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အာဆီယံ ၂၀၂၅အလွန် ကျန်းမာရေးဦးစားပေးကဏ္ဍရပ်များ သတ်မှတ်ခြင်း၊ ကမ္ဘာ့ကပ်ရောဂါအလွန် ကျန်းမာရေးစနစ် စွမ်းဆောင်ရည် ခိုင်မာအားကောင်းစေခြင်း၊ ကျန်းမာရေးကဏ္ဍတွင် Digital နည်းပညာအား တိုးမြှင့် အသုံးပြုခြင်း အစရှိသောခေါင်းစဉ်များဖြင့် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)