ရန်ကုန်    ဩဂုတ်

 ရှေးဟောင်းသုတေသန ဆိုင်ရာ တူးဖော်သုတေသနပြု တွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်း တွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြုဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ် ဖြည့်စွက်၍ ခိုင်မာသောသမိုင်းစဉ်ကို ပြည့်ပြည့်စုံစုံ ရေးသားနိုင်ရန်အတွက် ပျူခေတ်ဆိုင်ရာ အထောက် အထား အချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာ နှင့်ပျူစာပေ)ကို ယနေ့မှ ဩဂုတ် ရက်အထိ အမျိုးသားပြတိုက်( ရန်ကုန် ) ဘက်စုံခန်းမ၌ ကျင်းပလျက်ရှိသည်။

 

အဆိုပါ ဆွေးနွေးပွဲသည် မြန်မာ့သမိုင်းစဉ်အတွက် အရေးကြီးသော ဆွေးနွေးပွဲဖြစ်သည့် အားလျော်စွာ မြန်မာသမိုင်း အဖွဲ့ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာ ရှိကြီးများ၊ အကြံပေးပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီးများ၊ ပညာရေးဝန်ကြီး ဌာနမှ သမိုင်းဌာန၊ ရှေးဟောင်းသုတေသနဌာန၊ မနုဿဗေဒဌာနမှ ပါမောက္ခများနှင့် ပြင်ပပညာရှင်များ လေ့လာသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းစဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာသမိုင်းအဖွဲ့တို့က ရေးသား ပြုစုလျက်ရှိရာ လူသားအဦးအစ ပရိုင်းမိတ်ကာလ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့သည့် သမိုင်းမတင်မီကာလ၊ သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလတို့နှင့် ပတ်သက်၍ မူကြမ်းများ ရေးသားခဲ့ပြီးဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတွင် ရှေးဦးမြို့ပြတည်ထောင်ခဲ့ကြသော ပျူမြို့ဟောင်းများကို နေရာအနှံ့အပြားတွင် တွေ့နိုင်ပါ ကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပြီးဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူရှေးမြို့ဟောင်းများ သာမက အခြားသော ပျူရှေးမြို့ဟောင်းများ ဖြစ်သည့် ပင်လယ်(မိုင်းမော) မြို့ဟောင်း၊ တကောင်းမြို့ဟောင်း၊ ပေါရိသတ် မြို့ဟောင်း(သို့) ကောသမ္ဘီမြို့ဟောင်း၊ ဝတီးမြို့ဟောင်း စသည်ဖြင့် တူးဖော်သုတေသနပြု ဖော်ထုတ် နိုင်ခဲ့ကြသည်ကို တွေ့နိုင်ပါကြောင်း၊ ပျူအက္ခရာနှင့် ပျူစာပေအထောက်အထားများကို သုတေသနပြု တွေ့ရှိခဲ့သော အထောက်အထား အချက်အလက် ခိုင်ခိုင်မာဖြင့် ဖြည့်စွက်၍ ထည့်သွင်းရေးသား ဖော်ပြထားသည့် စာတမ်းမူကြမ်းကို ယခု တက်ရောက် လာသော ပညာရှင်များက အကြံပြုဆွေးနွေး ပေးကြရန် ဖြစ်ပါကြောင်း။

 

 မြန်မာ့သမိုင်း စဉ်တွင် ခိုင်ခိုင်မာမာ ကိုးကားစရာအဖြစ် လွန်ခဲ့သောနှစ် (၅၀)ကျော်က ရေးသားထားသည့်အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်းသာ ရှိခဲ့ပါကြောင်း၊ ယခု နောက်ပိုင်းကာလတွင် ပြည်တွင်းပြည်ပ ပညာရှင်များ၏ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာသုတေသနပြု အသစ်တွေ့ရှိချက်များ၊ ပြည်ပဓာတ်ခွဲ ခန်းများမှ သိပ္ပံနည်းကျ သက်တမ်း တွက်ချက်မှုများကြောင့် ပျူခေတ်ကာလသမိုင်းစဉ်သည်လည်း ပိုမို၍ ရုပ်လုံးပေါ် ပြည့်စုံလာပြီဟု ဖြစ်ပါကြောင်း၊ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အား ပြန်လည် ဖြည့်စွက် ပြင်ဆင်ရေးသားနိုင်မည့်ရလဒ်ကို မျှော်မှန်းနိုင်ပြီဖြစ်ပါကြောင်း၊ ထို့အတူ ကျောင်းသုံးစာအုပ်များ တွင် မပြည့်စုံသေးသော မြန်မာ့သမိုင်းဆိုင်ရာ အမှားများ၊ လိုအပ်ချက်များကိုလည်း ပြန်လည်ပြင်ဆင် ဖြည့်စွက်ပေးရမည်ဖြစ်ပြီး၊ သို့မှသာ ကျောင်းသားလူငယ်များအနေဖြင့် အစဉ်အလာကောင်းသည့် မြန်မာ့ သမိုင်းကို ပြည့်ပြည့်စုံစုံ၊ အမှန်အတိုင်းသိရှိမည်ဖြစ်ပါကြောင်း၊ မြန်မာ့သမိုင်းတွင် ယခင် ကတည်းကရှိခဲ့သော မြန်မာအစ တကောင်းကဆိုသော အယူအဆ၊ ပျူခေတ်နှင့် ပုဂံခေတ်တစ်ဆက်တစ်စပ်တည်း ရှိခဲ့သည် ဟူသော အယူအဆကဲ့သို့စစ်မှန်သည့် မြန်မာ့သမိုင်းအယူအဆများကို ကျောင်းသုံးစာအုပ်များတွင် ပြန်လည် ထည့်သွင်းကာ အသစ်ပြင်ဆင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပျူအက္ခရာနှင့် ပျူစာပေဆိုင်ရာ သုတေသနပြုတွေ့ရှိချက်များနှင့် ပတ်သက်၍ ပျူအက္ခရာများနှင့် ပျူစာပေပညာရှင်၊ ဦးမစ်ကီဟတ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(ငြိမ်း) ဦးစိန်ဝင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမောင်မောင် ဆွေနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပညာရှင်များက ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် ထပ်မံဖြည့်စွက်လိုသည်များကို ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပညာရှင်များ၏ ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာသမိုင်းအဖွဲ့မှ ရေးသားပြုစုလျက်ရှိရာ၊ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများနှင့် ဆက်စပ်လျက်ရှိသည့် လူဆင့်ကဲဖြစ်စဉ်ကာလသမိုင်းစဉ်၊ ကျောက်ခေတ်ကာလ သမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလသမိုင်းစဉ်၊ သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလသမိုင်းစဉ်တို့နှင့် ပတ်သက်၍ မူကြမ်းပြုစုရေးသားပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)