နေပြည်တော် ဩဂုတ် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က လစဉ်ဗုဒ္ဓဟူးနေ့များ၌ ကျင်းပလျက်ရှိသည့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ ညနေပိုင်းတွင် (၃၆)ကြိမ်မြောက်  ကျင်းပရာ သက်ဆိုင်ရာဌာနကိုယ်စားလှယ်များ၊ အစေ့ထုတ် ပြောင်းသီးနှံ ကျွမ်းကျင်သူများက “အစေ့ထုတ် ပြောင်းသီးနှံ တန်ဖိုးကွင်းဆက်မြှင့်တင်ရေး”  ခေါင်းစဉ်ဖြင့်  ဆွေးနွေးခဲ့ကြသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြည်ပသို့ တင်ပို့ ရောင်းချရန်နှင့် ပြည်တွင်းမွေးမြူရေးအစာ ထုတ်လုပ်ရန်အတွက် အဓိကစိုက်ပျိုး ထုတ်လုပ်ကြသည့် အစေ့ထုတ်ပြောင်းသီးနှံကို စုစုပေါင်း ဧက (၁ဒသမ၇) သန်းခန့်စိုက်ပျိုးလျက်ရှိကြောင်း၊ နှစ်စဉ် တန်ချိန် (၃)သန်းခန့် ထုတ်လုပ်လျက်ရှိကာ စပါးပြီးလျင် ဒုတိယအရေးပါသော သီးနှံတစ်မျိုးဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေးနှင့် အရည်အသွေးကောင်းမွန်သော တန်ဖိုးမြင့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သဖြင့် ယခုဆွေးနွေးပွဲတွင် ကဏ္ဍစုံရှုထောင့်စုံမှ ဆွေးနွေးသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ၏ လက်ရှိ အစေ့ထုတ်ပြောင်း စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေနှင့် ထုတ်လုပ်မှုတိုးမြင့်ရေး၊ အစေ့ ထုတ်ပြောင်း တန်ဖိုးကွင်းဆက်တစ်ခုအဖြစ် ပါဝင်သည့်  မွေးမြူရေး အစာကဏ္ဍ၊ ဈေးကွက် လိုအပ်ချက်နှင့် ထုတ်လုပ်မှု၊ တန်ဖိုးမြင့်ကုန်စည်အနေဖြင့် ထုတ်လုပ်မှု အခြေအနေ၊ အားနည်းချက် အားသာချက်များကို လေ့လာသုံးသပ်ခြင်း၊ အစေ့ထုတ်ပြောင်း တန်ဖိုး ကွင်းဆက်ဆိုင်ရာ သုတေသနဆောင်ရွက်မှု၊ မွေးမြူရေးတိရစ္ဆာန်အစာနှင့် ဆက်စပ်သုတေသနများ၊ လုပ်ငန်းရှင်များ၏ အစေ့ထုတ်ပြောင်းဆိုင်ရာ ကြုံတွေ့ရမှု အချက်အလက်များအပေါ် ဆွေးနွေးခဲ့ကြသည်။

စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဦးဗိုလ်ဗိုလ်ကျော်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း အမှုထမ်း(၁၅၀)ကျော်တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ လယ်ယာကဏ္ဍ ဆိုင်ရာတာဝန်ရှိသူများ၊ အစေ့ထုတ်ပြောင်းနှင့် ပတ်သက်၍ စိတ်ဝင်စားသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်